ကရင်နီတိုင်းရင်းသား နှစ်သောင်းဝန်းကျင် မဲပေးခွင့်ရရှိဖို့ အစိုးရအကူအညီလိုအပ်နေ

စိုးစိုးထက်
2020.06.24

အစိုးရရဲ့ သန်းခေါင်စာရင်းအရ ကယားပြည်နယ်အတွင်း နေထိုင်သူတွေထဲမှာ အသက် ၁၈ နှစ်ပြည့်ပြီးတော့ မည်သည့်ကတ်မှ ကိုင်ဆောင်ထားခြင်းမရှိသူ နှစ်သောင်းဝန်းကျင် ရှိနေပါတယ်။

အခုနှစ်အတွင်း အသက် ၁၈ နှစ်ပြည့်ပြီးသွားတဲ့ ဖရူဆိုမြို့နယ် လောဂျာကျေးရွာနေ မထွန်းမိုးက ကျောင်းမတက် ခဲ့ရတဲ့အတွက် မှတ်ပုံတင်အခု မလုပ်နိုင်သေးဘူးလို့ ပြောပါတယ်။

“ကျမတို့အတွက် မှတ်ပုံတင်လုပ်ပေးမယ်ဆိုရင် ကျမအတွက်လည်း လုပ်ပေးစေချင်တယ်လေ။ ကျမ မှတ်ပုံတင်မရှိသေးပါဘူး။ ကျမလည်း မှတ်ပုံတင်ရှိချင်ပါတယ်။”

ကယားပြည်နယ်အတွင်း နေထိုင်သူတွေထဲက နိုင်ငံသားအသိအမှတ်ပြုကတ်ပြား မရှိသေးသူတွေ လာမယ့် ရွေးကောက်ပွဲမှာ မဲပေးခွင့်မဆုံးရှုံးစေဖို့ သက်ဆိုင်ရာ တာဝန်ရှိသူတွေက မှတ်ပုံတင်ကတ်တွေ ထုတ်ပေးဖို့ ဆောင်ရွက်သင့်ကြောင်း LAIN Technical Support Group က ဘုတ်အဖွဲ့ ဥက္ကဋ္ဌ ကိုကျော်ထင်အောင်က ပြောပါတယ်။

“မည်သည့်ကတ်မှ ကိုင်ဆောင်ထားချင်းမရှိသူတွေက ဆန္ဒမဲပေးလိုပါက ပေးလို့ရအောင်ကို အခင်းအကျင်း တစ်ခုအနေနဲ့ရှိဖို့ရယ် သူတို့ကမဲပေးလိုခွင့်မရှိဘူးဆိုရင်တောင် သူတို့တွေကို နိုင်ငံသားအခွင့်အရေး မဆုံးရှုံးအောင်၊ မဲလာပေးလိုစိတ်ရှိအောင်၊ သူတို့တွေရဲ့ ရပိုင်ခွင့်အခွင့်အရေးဖြစ်တဲ့ သူတို့တွေအတွက် ကတ်တွေကတော့ လုပ်ကိုလုပ်ပေးရမဲ့ ဝတ္တရားသည် လ.ဝ.က မှာလည်းရှိသလို လက်ရှိရွေးကောက်ပွဲအတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှာလည်း တာဝန်ရှိတဲ့ကာလဖြစ်နေတဲ့ အတွက်ကြောင့်မို့လို့ ဒီကာလ သည် တကယ်တမ်းပြောရရင်တော့ ၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲအတွက် လုံးဝကို စကိုစရတော့မယ့် ကာလဖြစ်နေပြီဆိုတာမျိုးကိုတော့ ပြောကြားလိုပါတယ်။”

မှတ်ပုံတင်မရှိသေးသူတွေ ဆန္ဒမဲပေးခွင့် မဆုံးရှုံးအောင် ဆောင်ရွက်ပေးဖို့ ပြောဆိုချက်နဲ့ ပတ်သက်ပြီး ကယားပြည်နယ် ရွေးကောက်ပွဲကော်မရှင်နဲ့ ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် အဆင်မပြေခဲ့ပါဘူး။


အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဒီးမော့ဆိုမြို့နယ် ဦးစီးမှူးရုံးမှ ဦးစီးမှူး ဦးအောင်ဝင်းနိုင် ကတော့ အိမ်ထောင်စုစာရင်းလည်းမရှိ၊ မှတ်ပုံတင်လည်းမရှိသေးတဲ့သူတွေကိုတော့ ပထမ အဆင့်အနေနဲ့ သတ်မှတ်ချက်တွေနဲ့ညီရင် ယာယီအိမ်ထောင်စု လူဦးရေ စာရင်းလုပ်ပေးဖို့ အဆင့်ဆင့်ဆောင်ရွက် ရမှာဖြစ်ကြောင်း ပြောပါတယ်။ အိမ်ထောင်စုလူဦးရေစာရင်းနဲ့ မှတ်ပုံတင်တွေကို ရွေးကောက်ပွဲအမီလုပ်ပေးမှာ လားလို့ RFA က မေးရာမှာတော့ ဦးအောင်ဝင်းနိုင် က အခုလိုပြောပါတယ်။

“ဒီလူတွေကို အိမ်ထောင်စုလူဦးရေစာရင်း ရရှိရေးအတွက် ကျနော်တို့ဌာနရဲ့ သတ်မှတ်ချက်နဲ့ ကိုက်ညီတဲ့ လူတွေကို ယာယီအိမ်ထောင်စု လူဦးရေစာရင်း သို့မဟုတ် တရားဝင် အိမ်ထောင်စုလူဦးရေစာရင်း ထုတ်ပေး တဲ့အဆင့်ကို အရင်လုပ်ရမယ်။ အကယ်၍ တရားဝင် အိမ်ထောင်စုလူဦးရေစာရင်း ထုတ်ပေးရပြီဆိုရင်တော့ ဒုတိယအဆင့် ဒီမှတ်ပုံတင်လုပ်ငန်းကို ကျနော်တို့ ဆက်လက်ဆောင်ရွက်သွားရမှာဖြစ်ပါတယ်။”


ဒီလိုအိမ်ထောင်စု ဇယားရှိပြီးသားသူတွေထဲက မှတ်ပုံတင်မရှိသေးတဲ့ သူတွေကိုတော့ Norwegian Refugee Council နဲ့ ပူးပေါင်းပြီး မှတ်ပုံတင်ထုတ်ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်ဖို့ရှိနေပေမယ့် ကိုရိုနာဗိုင်းရပ်စ် အန္တရာယ်ကြောင့် မလုပ်နိုင်ဖြစ်နေတယ်လို့ ပြောပါတယ်။ ဒါပေမဲ့ လဝကဝန်ထမ်းတွေနဲ့ သက်ဆိုင်ရာ ရပ်ကျေးအုပ်ချုပ်ရေးတာဝန်ရှိသူတွေ ပူးပေါင်းပြီး ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

အိမ်ထောင်စုစာရင်းနဲ့ မှတ်ပုံတင် မရှိတဲ့သူတွေထဲက အများစုက ရွာပုန်း၊ ရွာရှောင်တွေဖြစ်ပြီး ပြည်ထဲရေး စာရင်းမှာ အသိအမှတ်မပြုထားတဲ့ရွာတွေကဖြစ်ပြီး စစ်ဘေးတုန်းက အိမ်ထောင်စု စာရင်းရော၊ မှတ်ပုံတင်ရော ပျက်ဆီးဆုံးရှုံးသွားရသူတွေ ဖြစ်တယ်လို့ ကိုကျော်ထင်အောင်က ပြောပါတယ်။

“ဟုတ်ကဲ့ တကယ်တမ်းကတော့ ဒါတွေသည် နိုင်ငံသားဖြစ်တယ် ကျတော်တို့ ၉၄-၉၅-၉၆ ဒီကျနော်တို့ ပြည်နယ်ရဲ့ ပြည်တွင်းစစ်ကြောင့်မို့လို့ စစ်ရှောင်ခဲ့ရတဲ့သူတွေ၊ ရွာတွေ၊ အိမ်တွေ လက်လွတ်ဆုံးရှုံးခဲ့ရ တဲ့သူတွေ အဲဒီကာလတွေမှာ ဒါကဒ်တွေဆုံးရှုံးခဲ့မှုတို့၊ ပုံစံ ၁၀ တွေဆုံးရှုံးခဲ့ရမှုတို့ရှိပေမယ့် ဒါတွေကို အခုချိန်ထိ ပြန်ပြီးတော့ လုပ်ဆောင်ပေးနိုင်စွမ်းတွေ တော်တော်အားနည်းနေသေးတယ်။”


၂၀၁၄ ခုနှစ် မြန်မာနိုင်ငံ လူဦးရေနဲ့ အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအရ ကယားပြည်နယ်မှာ လူဦးရေ နှစ်သိန်း ကိုးသောင်းနီးပါး (၂၈၆၆၂၇ ဦး) ရှိနေတဲ့ထဲမှာ မည်သည့်အသိအမှတ်ပြု အထောက်အထားကတ်ပြားမှ မရရှိထားသူ နှစ်သောင်းနီးပါး (၁၉၂၃၈ ဦး) ရှိနေတာ ဖြစ်ပါတယ်။ ၂၀၁၄ ကနေ ၂၀၂၀ ပြည့်နှစ် အထိ အစိုးရက အဲဒီလူတွေကို မှတ်ပုံတင်ပြုလုပ်ပေးခြင်း မရှိဘူးလို့ ပြောကြပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၅ တုန်းက မဲစာရင်းမပါတဲ့သူ နှစ်သောင်းကျော်ရှိတဲ့အတွက် အခုလို လူဦးရေနည်းတဲ့ မဲဆန္ဒနယ်တွေ အတွက် အရမ်းနစ်နာဆုံးရှုံးမှုတွေ ကြုံခဲ့ရဖူးတယ်လို့ ကယန်းအမျိုးသားပါတီ ဥက္ကဋ္ဌ ခွန်းဘီထူး က အခုလိုပြော ပါတယ်။

“ခုန ၂၀၁၅ ရလဒ်အရဆိုရင် နှစ်သောင်းကျော် မှတ်ပုံတင်မရှိတဲ့အတွက် မဲထည့်ခွင့် မရလိုက်တဲ့သူတွေက အရမ်းကို နစ်နာတယ်ပေါ့နော်။ ကျနော်တို့ကလည်း ကိုယ့်မဲဆန္ဒနယ်အလိုက်ကို ကျနော်တို့က မဲစာရင်း ကြေညာတဲ့အချိန်မှာ ကျနော်တို့ကိုယ်တိုင် လိုက်တိုက်ဖို့ ကျနော်မျှော်လင့်ထားတယ်။ မဲစာရင်းမှာမပါလာဘဲ နဲ့ ပြန်လျှောက်တဲ့ကိစ္စတွေ မှတ်ပုံတင်မရှိဘဲ ပြန်လျှောက်တဲ့နည်းလမ်းကို ကျနော်တို့ UEC ကိုမေးမြန်း ထားတယ်။ ကျနော်တို့ လုပ်ဆောင်ကူညီသွားဖို့ရှိတယ်။ သောင်းကျော်ကျနော်တို့ရဲ့ မဲကလည်း ဥပမာ မယ်စဲ့ တစ်နေရာဆိုရင် ခုနှစ်ထောင်လောက်ရရင်တော့ ကျနော်တို့ နိုင်ပြီးသားဖြစ်တဲ့အတွက် ဒီလိုသောင်းကျော် မဲဆန္ဒရှင်တွေ ကျန်ခဲ့တဲ့နည်းကတော့ အရမ်းအရေးကြီးတဲ့ ကိစ္စဖြစ်တဲ့အတွက် ဒီလိုမဲစာရင်းလိုက်တိုက်ပေး တာတွေ မဲစာရင်းမှာပါဖို့အတွက် လျှောက်ကူတာတွေ ကျနော်တို့လုပ်လိမ့်မယ်။”

အထွေထွေမြို့နယ် အုပ်ချုပ်ရေးဦးစီးဌာနတွေရဲ့ ၂၀၂၀ ထုတ် ဒေသဆိုင်ရာ အချက်အလက်များအရ ကယား တစ်ပြည်နယ်လုံး စုစုပေါင်း မဲဆန္ဒပေးပိုင်ခွင့်ရှိသူ နှစ်သိန်းဝင်းကျင်ရှိပြီးတော့ NLD နဲ့ ဒေသခံတိုင်းရင်းသားပါတီ အပါအဝင် ပါတီစုစုပေါင်း ၁၁ ခုရှိပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။