The Voice Weekly ဂျာနယ်ကို တရားစွဲဆို
2012.03.20
The Voice Weekly ဂျာနယ် ထုတ်ဝေသူနှင့် သတင်းရေးသားသူကို ဥပဒေကြောင်းအရ အရေးယူမည်ဟု ၂၀၁၂ ခုနှစ် မတ်လ ၁၃ ရက်ထုတ် သတင်းစာတွင်ဖော်ပြထားပါသည်။
သတ္တုတွင်းဝန်ကြီးဌာနက ရန်ကုန်မြို့၊ ဒဂုံမြို့နယ်တရားရုံးမှာ စွဲဆိုခဲ့ကြောင်း၊ The Voice ဂျာနယ် အနေနဲ့လည်း ဥပဒေကြောင်းအရ ပြန်လည်တုံ့ပြန် ဆောင်ရွက်မှာဖြစ်ကြောင်း အယ်ဒီတာချုပ် ဦးကျော်မင်းဆွေက ပြောပါတယ်။
မတ်လ ၁၂ ရက်နေ့ထုတ် The Voice Weekly ဂျာနယ်မှာ သတ္တုတွင်းဝန်ကြီးဌာန၊ အမှတ် (၁) မုံရွာ ကြေးနီစီမံကိန်း အစုရှယ်ယာ ၅၀ ရာခိုင်နှုန်းကို ဒေါ်လာသန်း ၁၀၀ နဲ့ မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်ကို ရောင်းချခဲ့ကြောင်း၊ ဒါပေမယ့် ဦးပိုင်လီမိတက်က ငွေပေးချေရမည့်အစား နိုင်ငံခြားကုမ္ပဏီတစ်ခုက ပေးချေခဲ့ကြောင်း စသည်ဖြင့် သတ္တုတွင်းဝန်ကြီးဌာနမှ အလွဲသုံးစားမှုကို ပြည်သူ့လွှတ်တော် ငွေစာရင်းကော်မတီရဲ့ အစီရင်ခံစာအရ ကိုးကားပြီး ထုတ်ဖော် ရေးသားခဲ့ပါတယ်။
သတ္တုတွင်းဝန်ကြီးဌာနကလည်း The Voice Weekly မှာဖော်ပြတဲ့ သတင်းဟာ မှားယွင်းနေပြီး၊ ဥပဒေကြောင်းအရ အရေးယူဆောင်ရွက်မယ်လို့ အစိုးရပိုင် သတင်းစာတွေက ထုတ်ပြန်ပြောဆိုခဲ့ပြီးနောက် အခုလို တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။
The Voice Weekly ဂျာနယ်ရဲ့ထုတ်ဝေသူ၊ ဂျာနယ်တာဝန်ခံနှင့် သတင်းရေးသားသူ သတင်းထောက်တို့ကို တရားရုံးက ဆင့်ခေါ်ထားပြီး မတ်လ ၂၂ ရက်နေ့မှာ အမှုစတင် စစ်ဆေးမယ်လို့လည်း သိရပါတယ်။









