အင်ဒိုနီးရှားနှင့် မြန်မာသမ္မတတို့ မြန်မာ့ဒီမိုကရေစီရေးဆွေးနွေး

မြန်မာအစိုးရခေါင်းဆောင် သမ္မတ ဦးသိန်းစိန်ဟာ မေလ ၅ ရက် မနေ့က အင်ဒိုနီးရှားသမ္မတ ဆူဆီလို ဘန်ဘန်း ယိုဒိုယိုနိုနဲ့ တွေ့ဆုံပြီး မြန်မာနိုင်ငံ ဒီမိုကရေစီ ပြောင်းလဲရေးကိစ္စ ၊ မြန်မာနဲ့ အင်ဒိုနီးရှားအကြား ကုန်သွယ်ရေး တိုးမြှင့်ဖို့ ကိစ္စတွေ ဆွေးနွေး ခဲ့တယ်လို့ ဒီကနေ့ ထုတ်တဲ့ Jarkata Post သတင်းစာက ရေးပါတယ်။

2011.05.06
thein_sein_yudhoyono_305_z.png အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကာတာ မြို့တော်ရှိ သမ္မတ အိမ်တော်တွင် မေလ ၅ ရက်နေ့က မြန်မာသမ္မတ ဦးသိန်းစိန် (ဝဲစွန်) နှင့် အင်ဒိုနီးရှား သမ္မတ စူစီလို ဘန်ဘမ် ယုဒ်ဟိုယိုနို (ယာစွန်) တို့ နှစ်နိုင်ငံ ဆက်ဆံရေး ကိစ္စများ ဆွေးနွေးနေပုံ ဖြစ်ပါသည်။ (AFP PHOTO / ABROR RIZKI / PRESIDENSBY.INFO)
AFP PHOTO / ABROR RIZKI / PRESIDENSBY.INFO

မြန်မာနဲ့ အင်ဒိုနီးရှားအကြား ၂၀၁၅ ခုနှစ်မှာ ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ သန်း ၅၀၀ ဖိုးအထိ ရောက်ရှိဖို့ နှစ်ဖက် သဘောတူခဲ့တယ်လို့လည်း သိရပါတယ်။

မြန်မာနဲ့ အင်ဒိုနီးရှားအကြား စီးပွားရေး လူမှုရေးနဲ့ ယဉ်ကျေးမှု ကိစ္စရပ်တွေအပြင် မြန်မာနိုင်ငံက ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လုပ်ငန်းတွေနဲ့ပတ်သက်လို့လည်း ဆွေးနွေးခဲ့တယ်လို့ ၂ ဖက် တွေ့ဆုံဆွေးနွေးပွဲအပြီး သတင်းထောက်တွေနဲ့ တွေ့ဆုံရာမှာ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး မာတီ နာတလီ ဂါဝါးက ပြောပါတယ်။

ဦးသိန်းစိန်ဟာ ၁၈ ကြိမ်မြောက် အာဆီယံညီလာခ ံတက်ဖို့အတွက် မနေ့က အင်ဒိုနီးရှားနိုင်ငံကို ရောက်ရှိလာတာ ဖြစ်ပါတယ်။

တချိန်တည်းမှာလည်း အာဆီယံ လက်ရှိ အလှည့်ကျ ဥက္ကဋ္ဌနိုင်ငံဖြစ်တဲ့ အင်ဒိုနီးရှားက နိုင်ငံခြားရေး ဝန်ကြီးဟာ မကြာခင် ရက်သတ္တပတ် အနည်းငယ်မှာ မြန်မာနိုင်ငံကို သွားရောက်ဖို့ ရှိကြောင်း ဒီကနေ့ ထိုင်းနိုင်ငံမှာ ထုတ်တဲ့ Bangkok Post သတင်းစာက ရေးသားထားပါတယ်။

ဒီခရီးစဉ်ဟာ မြန်မာအစိုးရသစ်က အာဆီယံအလှည့်ကျ ဥက္ကဋ္ဌရာထူး လျှောက်ထားချက်အပေါ် လေ့လာဖို့ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ ဒီခရီးစဉ်မှာ မစ္စတာနာတလီဂါဝါးဟာ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဖို့ မျှော်လင့်ထားတယ်လို့လည်း သတင်းမှာ ရေးသားထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။