ဥရောပ သံအမတ်တွေ ရိုဟင်ဂျာစခန်း သွားရောက်


2017.01.18
eu-ambassadors-rohingya-camp-620.jpg ဘင်္ဂလားဒေ့ရှ်နိုင်ငံက ရိုဟင်ဂျာဒုက္ခသည်စခန်းကို သွားရောက်ခဲ့တဲ့ ဒိန်းမတ်၊ နော်ဝေနဲ့ ဆွီဒင်နိုင်ငံက သံအမတ်တွေ ကို တွေ့ရစဉ်
Photo: Embassy of Sweden in Dhaka FB

ဘင်္ဂလားဒေ့ရှ်ုနိုင်ငံဆိုင်ရာ ဥရောပသံအမတ်ကြီး ၃ ယောက်ဟာ ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနယ်ခြား ကော့ဇက် ဘဇားဒေသမှာရှိတဲ့  ရိုဟင်ဂျာဒုက္ခသည်စခန်းတွေကို ဇန်နဝါရီ ၁၅ ရက်ကနေ ၁၇ ရက်အထိ သုံးရက်ကြာ သွားရောက်ကြည့်ရှုခဲ့ကြတယ်လို့ သိရပါတယ်။

အဲဒီသူတွေကတော့ ဆွီဒင်သံအမတ်ကြီး Johan Frisell ယိုးဟန် ဖရစ်ဆယ်လ်၊ ဒိန်းမတ်သံအမတ်ကြီး Mikael Winther မစ်ကယ် ဝင့်သာနဲ့ နော်ဝေနိုင်ငံ သံအမတ်ကြီးSidsel Bleken ဆစ်ဒ်ဆယ်လ် ဘလက်ကင်န် တို့ဖြစ်ပြီး ဒုက္ခသည်တွေရဲ့အခြေအနေကိုသိရှိဖို့နဲ့ ကုလသမဂ္ဂအဖွဲ့အစည်းတွေက သက်ဆိုင်ရာအရာရှိတွေကို တွေ့ဆုံဖို့ အခုလိုသွားရောက်တာဖြစ်တယ်လို့  သုံးနိုင်ငံပူးတွဲကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

ဆွီဒင်သံအမတ်ကြီး ဖရစ်ဆယ်လ် က ဒုက္ခသည်တွေကို အခုလို ကယ်တင်စောင့်ရှောက်ထားတဲ့အတွက် ဘင်္ဂလားဒေ့ရှ်အစိုးရကိုကျေးဇူးတင်ပါတယ်။ရခိုင်ပြည်နယ်မှာ တည်ငြိမ်မှုမရှိမချင်း ဒီပြသနာကို အဖြေရှာလို့ရမှာ မဟုတ်ဘူးလို့ ဝေဖန်ပြောကြားပါတယ်။ နော်ဝေသံအမတ်ကြီး ဘလက်ကင်န် ကလည်းဒုက္ခသည်တွေဟာ ရခိုင်ပြည်နယ်ကို ပြန်လည်သွားရောက်နေထိုင်လိုကြောင်းပြောဆိုသလို ဒိန်းမတ်သံအမတ်ကြီး ဝင့်သာ ကလည်း ဒုက္ခသည် ဒီလောက်များများကို လက်ခံထားရတာဟာ ဘင်္ဂလားဒေ့ရှ် အစိုးရအတွက် ဝန်ထုပ်ဝန်ပိုး တခုဖြစ်နေကြောင်း ပြောပါတယ်။

အဲဒီသံအမတ်ကြီးတွေဟာ ဘင်္ဂလားဒေ့ရ်ှ နယ်ခြားစောင့်တပ် BGB နဲ့တခြားဒေသခံ အာဏာပိုင်တွေကို လည်း တွေ့ဆုံခဲ့တယ်လို့ ဒါကာမြို့က ဒီကနေ့ သတင်းရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။