ကချင်တိုင်းရင်းသား ၃ ဦး အသတ်ခံရမှုနဲ့ တပ်မတော်သား ၆ ဦးကို ထောင်ဒဏ်တွေ ချမှတ်


2018.01.20
3kachin-killed-622.jpg မိုင်းခေါင်ရွာ ကက်သလစ်အသင်းတော် ကယ်ဆယ်ရေးစခန်းက အသတ်ခံရတဲ့သူတွေရဲ့ ရုပ်အလောင်းကို တွေ့ရစဉ်
Courtesy: Myitkyina News

ကချင်ပြည်နယ် မန်စီမြို့နယ် မိုင်းခေါင်ရွာက ကက်သလစ်အသင်းတော် စစ်ဘေးကယ်ဆယ်ရေးစခန်းမှာ ခိုလှုံနေ ကြသူ ၃ ယောက်ကို သတ်ဖြတ်တယ်ဆိုတဲ့ စွဲချက်နဲ့ စစ်ခုံရုံးမှာ စစ်ဆေးခံနေရတဲ့ တပ်မတော်သား ၆ ဦးကို မနေ့က ထောင်ဒဏ် ၁၀ နှစ်စီ ချမှတ်လိုက်ပါတယ်။

မန်စီမြို့အခြေစိုက် အမှတ် ၃၁၉ ခြေမြန်တပ်ရင်းမှာ စစ်ခုံရုံးတာဝန်ရှိသူတွေက အမိန့်ချခဲ့တာဖြစ်တယ်လို့ မိုင်းခေါင်ရွာ အုပ်ချုပ်ရေးမှူး ဦးပီတာဘောက်နော်က ပြောပါတယ်။

"စခန်း တာဝန်ခံတို့၊ ဘာသာရေးဆရာတို့၊ ကျန်ရစ်မိသားစုတွေတော့ သွားကြပါတယ်။ သူတို့လာပြောပြချက် အရတော့ တပ်ကနေလည်းထုတ်၊ ရာထူးလည်းဖြုတ်၊ နောက်ပြီးမှ လုပ်သက်နဲ့ ထောင်ဒဏ် ၁၀ နှစ်ဆိုပြီးမှ ချလိုက်တယ်တဲ့။ အားလုံးကို တပြေးညီချတယ်လို့ပြောတယ်။ ၆ ယောက်။ ဟိုအရင်ကလည်း ရှိခဲ့တယ်။ အများကြီးပါပဲ။ ဒါပေမဲ့ အခုက အခုလိုလုပ်ပေးတဲ့အတွက် တပ်ရဲ့ လုပ်ထုံးလုပ်နည်းနဲ့ ပွင့်လင်းမြင်သာမှု ရှိလာတယ်ဆိုတဲ့သဘော သက်ရောက်ပါတယ်။ အဲဒါကြောင့် ဘာပဲဖြစ်ဖြစ် အခုလိုပဲ မှန်မှန်ကန်ကန်ချပေးတဲ့ နိုင်ငံတော်၊ စစ်တပ်အရာရှိကိုလည်း ကျေးဇူးတင်ကြောင်း ပြောချင်ပါတယ်"

အပြစ်ပေးခံရတဲ့ တပ်မတော်သားတွေဟာ မန်စီမြို့အခြေစိုက် အမှတ် ၃၁၉ ခြေမြန်တပ်ရင်းက တပ်ရင်းမှူး အပါအဝင် အရာရှိနဲ့ တပ်သား အားလုံး ၆ ဦးဖြစ်ပါတယ်။

သေဆုံးသူတွေရဲ့ ကျန်ရစ်ခဲ့တဲ့မိသားစုတွေကို မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ အမှတ် ၂၁ စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ်နဲ့ အမှတ် ၃၁၉ ခြေမြန်တပ်ရင်း တာဝန်ရှိသူတွေက ထောက်ပံ့တာတွေရှိတယ်လို့ သိရပါတယ်။

မိုင်းခေါင်ရွာ ကက်သလစ်အသင်းတော် ကယ်ဆယ်ရေးစခန်းမှာ ခိုလှုံနေကြတဲ့ မရန်ဘရန်ဆိုင်း၊ အင်ခွန် ဂမ်အောင်၊ လဗျနော်ခွန်း ဆိုသူ ၃ ဦးဟာ ပြီးခဲ့တဲ့နှစ် မေလ ၂၅ ရက်နေ့မှာ ပျောက်ဆုံးခဲ့ပြီး သူတို့ရဲ့အလောင်းတွေကို မေလ ၂၈ ရက်နေ့မှာ မိုင်းခေါင်ရွာအရှေ့ဘက်မှာ တူးဖော်တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

စစ်ရေးပဋိပက္ခတွေဖြစ်ပွားနေတဲ့ ကချင်ပြည်နယ်မှာ တိုင်းရင်းသားပြည်သူတွေကို အစိုးရတပ်မတော် နဲ့ ကေအိုင်အေ နှစ်ဘက်စလုံးက ဖမ်းဆီးတာ၊ သတ်ဖြတ်တာ စတဲ့ လူအခွင့်အရေးချိုးဖောက်မှုတွေကို လုပ်ဆောင်နေကြတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။