မတ်လ ၈ ရက် တစ်ရက်တည်းမှာ ဆန္ဒပြသူအနည်းဆုံး သုံးဦးသေဆုံး၊ လေးဦး အပြင်းအထန်ဒဏ်ရာရ

ဦးတင်အောင်ခိုင်(ဝါရှင်တန် ဒီစီ)
2021-03-08
Share

နိုင်ငံအနှံ့အပြားမှာ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြသူတွေကို စစ်တပ်နဲ့ ရဲတပ်ဖွဲ့က အကြမ်းဖက် ဖြိုခွင်း လို့ ဒီနေ့တစ်နေ့ထဲ ညနေ ၄ နာရီခွဲအချိန်ထိ သေဆုံးတဲ့သူ သုံးယောက်ရှိခဲ့ပါတယ်။

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာ နှစ်ယောက်သေဆုံးပြီး၊ ဧရာဝတီတိုင်း ဖျာပုံမြို့မှာ တစ်ယောက် သေဆုံး ရပါတယ်။

မြစ်ကြီးနားမှာတော့ အောင်နန်းရပ်ကွက်မှာ စစ်သားနဲ့ ရဲတွေက မျက်ရည်ယိုဗုံးတွေအပြင် သေနတ်နဲ့ပါ ပစ်ခတ်ဖြိုခွင်းခဲ့တာကြောင့် ဆန္ဒပြသူ လေးဦး သေနတ်ထိမှန်ခဲ့ပါတယ်။

အဲဒီထဲက နှစ်ယောက်သေဆုံးပြီး ကျန်နှစ်ယောက်ထဲက တစ်ယောက်က ပေါင်မှာထိမှန်ထားသလို၊ တစ်ယောက်က လက်မှာထိမှန်ခဲ့ပါတယ်။ အဲဒီသူတွေကို ဆေးရုံ ခေါ်သွားပါတယ်။ ရာဘာကျည်ထိလို့ ဒဏ်ရာရရှိသူတွေရှိသလို ဆန္ဒပြသူ ၅၀ ဦး ထက်မနည်းလည်း ဖမ်းဆီးခံခဲ့ရပါတယ်။

ဒီနေ့ကျရောက်တဲ့ နိုင်ငံတကာ အမျိုးသမီးများနေ့ အထိမ်းအမှတ်နေ့မှာ စစ်အာဏာရှင် ကျဆုံးရေး အမျိုး သမီးထု သပိတ်စစ်ကြောင်းလည်း မြစ်ကြီးနားမြို့မှာ ထွက်ခဲ့ပြီး ဖြိုခွဲခံရသလို အဖမ်းအဆီးခံရတာလည်း ရှိပါတယ်။

ဧရာဝတီတိုင်း၊ ဖျာပုံမြို့က ဆန္ဒပြသူတွေကို ဒီနေ့မနက်က အကြမ်းဖက်ဖြိုခွင်းခဲ့ရာမှာ အသက် ၃၀ အရွယ် အမျိုးသားတစ်ဦး သေဆုံးပြီး ခုနစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ ဒါ့အပြင် လူ ၇၀ လောက်ကိုလည်း ဖမ်းဆီးသွားပါတယ်။

အိမ်မဲမြို့က စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူတွေကိုလည်း ရဲတပ်ဖွဲ့က အကြမ်းဖက် ပစ်ခတ်ဖြိုခွဲ တာကြောင့် တစ်ဦး ထိခိုက်ဒဏ်ရာရပြီး ကိုးဦး အဖမ်းခံခဲ့ရပါတယ်။

အိမ်မဲမြို့က ကရင်လူငယ်တွေစစ်ကြောင်း၊ အမျိုးသမီးစစ်ကြောင်းနဲ့ လူထုစစ်ကြောင်း ပေါင်းပြီး ဒီနေ့မနက်က ဆန္ဒပြရာမှာ မြောင်းမြခရိုင်ရဲတွေနဲ့ အိမ်မဲရဲတွေ ရောက်လာပြီး ညှိနှိုင်းတာ၊ လူစုခွဲခိုင်းတာ မလုပ်ဘဲ တစ်ခါ တည်း ပစ်ခတ်ဖမ်းဆီးသွားတာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

မန္တလေးမြို့မှာလည်း ဆန္ဒပြသူတွေကို ပစ်ခတ်ဖမ်းဆီးတာတွေ လုပ်နေပေမယ့် ဆန္ဒပြသူတွေကတော့ ပုံမှန် အတိုင်း ဆက်ရှိနေပါတယ်။ စစ်တပ်နဲ့ ရဲတပ်ဖွဲ့လာလို့ ထွက်ပြေးတဲ့ ဆိုင်ကယ်တစ်စီးကို မနော်ဟရီလမ်းက ၅၆ လမ်းနဲ့ ၅၇ လမ်းကြားမှာ စစ်ကားတစ်စီးက တိုက်လိုက်ပါတယ်။ အဲဒီဆိုင်ကယ်ကို စီးလာတဲ့ နှစ်ဦးလုံးက စိုးရိမ်စရာ အခြေအနေရောက်နေတယ်လို့ မျက်မြင်တွေက ပြောပါတယ်။ ဒဏ်ရာရသူ နှစ်ဦးလုံးကို ပြင်ပ ဆေးရုံတစ်ခုမှာ ကုသပေးနေတယ်လို့ ကူညီပေးနေသူတွေက ပြောပါတယ်။

မနေ့ကလည်း မန္တလေးမြို့၊ ၂၂ လမ်း၊ ၈၈ လမ်း၊ ၈၉ လမ်းကြားမှာ ဆန္ဒပြနေတဲ့ ကျောင်းသား၊ ပြည်သူတွေကို အကြမ်းဖက်ဖြိုခွင်းခဲ့ပြီး လူ ၉၀ လောက်ကို ဖမ်းဆီးခဲ့ပါတယ်။ အဲဒီဖမ်းဆီးခံရသူတွေကို အောင်မြေသာစံ မြို့နယ် တရားရုံးရှေ့မှာ တရားလွတ်တော် ရှေ့နေများအဖွဲ့က ကူညီဆောင်ရွက်ပေးနေပါတယ်။

ရန်ကုန်မြို့မှာလည်း ဒီနေ့ ဆန္ဒပြသူတွေကို စစ်တပ်နဲ့ ရဲတပ်ဖွဲ့က အင်အားသုံး ဖြိုခွင်းခဲ့ပါတယ်။ ဆန္ဒပြ သူတွေကို ဖြိုခွင်းတာအပြင် ကိုမင်းကိုနိုင် ဦးဆောင်တဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့ အစည်းရုံးခန်းကိုလည်း အင်အား အများအပြားနဲ့ ဒီနေ့နေ့လည် ၁ နာရီမှာ ရုံးခန်းသော့ကို ဖျက်ပြီး ဝင်ရောက် ရှာဖွေခဲ့ပါတယ်။ အဲဒီရုံးက မီးခံသေတ္တာ၊ ကွန်ပျူတာနဲ့ ရုံးအသုံးအဆောင် ပစ္စည်းတွေ၊ ပန်းချီကားတွေကို ယူဆောင်သွားတယ်လို့ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်းရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ ပြောထားပါတယ်။

အနော်ရထားလမ်းနဲ့ ကုန်ဈေးတန်းလမ်းထောင့်မှာရှိတဲ့ Myanmar Now သတင်းစာတိုက်ကိုလဲ စစ်တပ်နဲ့ရဲက နေ့လယ် ၂ နာရီလောက်က တံခါးရိုက်ချိုး ဝင်ရောက်ပြီး ရုံးခန်းကိုဝင်ရောက်ရှာ ဖွေသလို၊ ကွန်ပျူတာတွေနဲ့ ပစ္စည်းတွေ ယူဆောင်သွားတယ်လို့ အယ်ဒီတာချုပ် ကိုဆွေဝင်းက RFA ကိုပြောပါတယ်။ Myanmar Now သတင်းစာတိုက်ကို စစ်တပ်ကအာဏာမသိမ်းခင် ၃ ရက်အလိုမှာ အာဏာသိမ်းတော့မယ့်အကြောင်း သတင်းဆောင်းပါးရေးခဲ့ပြီး ပိတ်ထားခဲ့တာ ဖြစ်ပါတယ်။

တာမွေမြို့နယ်မှာတော့ ဆန္ဒပြသူတွေက ဒီနေ့ကျရောက်တဲ့ ကမ္ဘာ့အမျိုးသမီးများနေ့ အထိမ်းအမှတ်အနေနဲ့ အမျိုးသမီးတွေ ထမိန်အလံလွှင့်ထူပြီး စစ်အာဏာရှင်ဆန့်ကျင် ရေးဆန္ဒပြခဲ့ပါတယ်။

တာမွေမြို့နယ် ပြည်သူတွေက စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုနဲ့အတူ မြန်မာပြည်သူတွေ အနေနဲ့ နိုင်ငံတကာ အကာအကွယ်ရအောင် R2P ကို ကြိုဆိုကြောင်း ဆိုင်းဘုတ်တွေ ကိုင်ခဲ့ကြပါတယ်။

နေပြည်တော်မှာလည်း စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေ အများအပြားချထားပေမယ့် ဒီနေ့ မနက် ၁၀ နာရီခွဲလောက်က ပျဉ်းမနား သကြားစက်ရှေ့မှာ ဒေသခံ ၂၀၀ နီးပါး ဆန္ဒပြခဲ့ကြပါတယ်။ ရဲတပ်ဖွဲ့က ၁၁ နာရီလောက်မှာ သေနတ်ပစ်ဖောက်ပြီး လူစုခွဲခဲ့တာကြောင့် ဒဏ်ရာရသူတချို့နဲ့ ဖမ်းဆီးခံရသူတချို့လည်း ရှိပါတယ်။

ကရင်အမျိုးသား အစည်းအရုံး KNU ထိန်းချုပ်နယ်မြေဖြစ်တဲ့ ကော့ကရိတ်မြို့နယ် ကျိုက်ဒုံ အာရှလမ်းမ ပေါ်မှာ ဒေသခံတွေ ချီတက်ဆန္ဒပြရာမှာ စစ်တပ်နဲ့ ရဲတပ်ဖွဲ့က ပိတ်ဆို့ထားတာကြောင့် ဒေသခံတွေက ထိုင်သပိတ် ဆင်နွှဲခဲ့ပါတယ်။ ဘုရားသုံးဆူမြို့မှာလည်း ဒေသခံတွေက ဆန္ဒပြခဲ့ပါတယ်။ KNU တပ်မဟာ ၁ ထိန်းချုပ်နယ်မြေက သထုံခရိုင်မှာလည်း ဆန္ဒပြသူတွေကို KNU က လုံခြုံရေး လိုက်ပါပေးခဲ့ပါတယ်။ ဘားအံမြို့မှာတော့ စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေ အများအပြား ချထားတာကြောင့် စစ်အာဏာရှင် ကန့်ကွက် ဆန္ဒပြမယ့်လူငယ်တွေ ထွက်ဖို့ အခက်အခဲရှိခဲ့ပါတယ်။ မြို့တွင်းက လမ်းဆုံတွေနဲ့ မြို့ဝင်၊ မြို့ထွက် တွေမှာလည်း သွားလာနေသူတွေကို တားဆီးပြီး တယ်လီဖုန်းတွေကို စစ်ဆေးနေပါတယ်။ ဒီနေ့ မတ် ၈ ရက်နေ့ကစပြီး ဘားအံမြို့ ဈေးကိုပိတ်ထားပါတယ်။

မွန်ပြည်နယ်က မြို့နယ်တွေမှာလည်း စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေ အများအပြား ချထားပါတယ်။ အဲဒီကြားက မော်လမြိုင်မြို့က စစ်အာဏာရှင် ကန့်ကွက်ဆန္ဒပြသူ တစ်ရာဝန်းကျင်ဟာ ဒိုက်ဝင်ကွင်းရပ်မှာ ဒီနေ့ ဆန္ဒပြ ခဲ့ပါတယ်။ စစ်တပ်နဲ့ ရဲတပ်ဖွဲ့ ရောက်လာချိန်မှာတော့ ဆန္ဒပြသူတွေက လူစုခွဲလိုက်ကြပါတယ်။ မုဒုံမြို့က စစ်အာဏာရှင် ဆန့်ကျင်ကန့်ကွက် ဆန္ဒပြသူတွေကလည်း ဒီနေ့မနက် ၇ နာရီလောက်က မုဒုံမြို့တစ်ပတ် ပတ်ပြီး လမ်းလျှောက်ချီတက် ဆန္ဒပြနေပါတယ်။

မုဒုံမြို့ထဲမှာတော့ ရဲတပ်ဖွဲ့နဲ့စစ်တပ်က လုံခြုံရေးယူထားပေမယ့် ဆန္ဒပြသူတွေက ထိပ်တိုက်မတွေ့ဘဲ ရှောင်ပြီး ဆန္ဒပြနေတာပါ။

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးမြို့မှာ စစ်အာဏာရှင် ကန့်ကွက်ဆန္ဒပြသူတွေကို စစ်တပ်နဲ့ ရဲတပ်ဖွဲ့က ဒီနေ့ အင်အားသုံး အကြမ်းဖက်ဖြိုခွင်းခဲ့ပြီး ဆန္ဒပြသူ ခြောက်ဦးကို ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ တရုတ်နယ်စပ် မူဆယ်မြို့က ကားလေးကွင်းအနီးမှာလည်း ဒီမနက်က ဆန္ဒပြသူတွေကို ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးတွေ၊ အသံဗုံးတွေ၊ ရာဘာကျည်တွေနဲ့ ပစ်ခတ်လူစုခွဲခဲ့ပါတယ်။ လူစုခွဲအပြီး ထွက်ပြေးတဲ့ လူငယ်တချို့ အပစ်ခံရပြီး တစ်ဦး ဒဏ်ရာရသလို ဖမ်းဆီးခံရသူတွေလည်းရှိတယ်လို့ မူဆယ်ဒေသခံက RFA ကို ပြောပါတယ်။

တနင်္သာရီတိုင်း၊ ထားဝယ်မြို့မှာလည်း ဒီနေ့ ဆန္ဒပြသူတွေကို စစ်တပ်နဲ့ ရဲတပ်ဖွဲ့က မီးခိုးဗုံးတွေ၊ ကျဉ် အစစ်တွေနဲ့ လိုက်ပြီးပစ်ခတ်ခဲ့တာကြောင့် ထိခိုက်ဒဏ်ရာရသူ တချို့ရှိပြီး အနည်းဆုံး ၁၀ ဦးအထက် အဖမ်းခံလိုက်ရပါတယ်။

မကွေးတိုင်း၊ မကွေးမြို့မှာလည်း လူငယ်တွေ ဒီနေ့ ဆန္ဒမပြခင်မှာပဲ မျက်ရည်ယိုဗုံးတွေနဲ့ နေရာသုံးခုမှာ ဖြိုခွင်းခံရပြီး ရပ်ကွက်ထဲအထိ ပစ်ခတ်တာတွေရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရပ်ကွက်ထဲက ဒေသခံ ခြောက်ယောက်ဝန်းကျင်ကို ဖမ်းဆီးပြီး ပစ္စည်းတွေကို သိမ်းဆည်းသွားပါတယ်။ အောင်လံမြို့မှာလည်း ဒေသခံ တစ်သိန်းဝန်းကျင်က စစ်အာဏာရှင် ကျဆုံးရေး ဆန္ဒပြခဲ့ပါတယ်။ ဒီနေ့ဆန္ဒပြပွဲမှာ အောင်လံမြို့က ဝန်ထမ်းပေါင်းစုံ ပါဝင်ခဲ့ပါတယ်။

RFA ကသီးခြားပြုစုထားတဲ့စာရင်းအရ စစ်တပ်နဲ့ရဲရဲ့ လက်ချက်ကြောင့် သေဆုံးသူ အနည်းဆုံး ၅၇ ယောက် ရှိနေပါပြီ။ အဖမ်းခံရတဲ့သူစုစုပေါင်းကတော့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း AAPP က ကောက်ယူထားတဲ့ စာရင်းတွေအရ တစ်ထောင့်ရှစ်ရာနီးပါး ရှိနေပြီဖြစ်ပါတယ်။ ဒေသအသီးသီးမှာ စစ်တပ် နဲ့ ရဲက အကြမ်းဖက်လို့ ဒဏ်ရာရတဲ့သူစာရင်းကို မကောက်ယူနိုင်သေးပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

ဆိုက်တခုလုံးသို့