အဓမ္မကျင့်သတ်ဖြတ်သူ စစ်သားသုံးဦးကို အရေးယူနိုင်ဖို့ မိသားစု ကြိုးပမ်းနေ

အေးအေးမွန်(အော်စလို)
2021-07-20
Share

ကချင်ပြည်နယ် မိုးမောက်မြို့နယ် နွယ်လန်းကျေးရွာက အသက် ၅၅ နှစ်အရွယ် ဒေါ်ခေါ်ယွယ် ဟာ ဇူလိုင်လ ၁၄ ရက်နေ့မှာ စစ်သားသုံးဦးရဲ့ အဓမ္မပြုကျင့်သတ်ဖြတ်တာကို ခံခဲ့ရပါတယ်။

ဖြစ်ပုံကတော့  ဇူလိုင် ၁၄ ရက်နေ့မှာ ခင်ပွန်းဖြစ်သူ ဦးရင်ဖု က သူတို့ပိုင်တဲ့ လယ်ခုနစ်ဧကအတွက် မျိုးစပါး ကျဲဖို့ ဇနီးဖြစ်သူ ဒေါ်ခေါ်ယွယ် ကို လယ်ခင်းထဲကနေ ထိုင်စောင့်နေခဲ့ပေမယ့် နေဝင်တဲ့အထိ ရောက်မလာလို့ အိမ်ကိုပြန်လာပြီးမေးတဲ့အခါ  မနက်ကတည်းက ဒေါ်ခေါ်ယွယ် လယ်ထဲကို ထွက်သွားခဲ့တယ်လို့ မိသားစုက ပြောပါတယ်။ ဒေါ်ခေါ်ယွယ်ဟာ ဇူလိုင် ၁၄ ရက်နေ့ မနက် ၁၀ နာရီဝန်းကျင်မှာ မျိုးစပါးထုတ်ကို ခေါင်းပေါ် ရွက်ရင်း လယ်ထဲကိုအသွား လမ်းမှာ စစ်သားသုံးဦးနဲ့ တွေ့ပြီး အသတ်ခံလိုက်ရတာပါ။

ဇူလိုင် ၁၅ ရက်မနက်မှာ မိသားစုက လိုက်လံရှာဖွေတဲ့အခါ မျိုးစပါးထုတ်ကို ရုန်းရင်းဆန်ခတ်ဖြစ်ထားတဲ့ ခြေရာတွေနဲ့အတူ လမ်းခုလတ်မှာတွေ့ရှိခဲ့ပြီး အဲဒီနေရာကနေ တစ်ဖာလုံလောက်ဝေးတဲ့ ကိုင်းတောထဲမှာ တော့ ဒေါ်ခေါ်ယွယ်ဟာ အဝတ်အစားမပါဘဲ ဓါးနဲ့အချက်ပေါင်းများစွာ အထိုးခံထားရပြီး သေဆုံးနေတာကို တွေ့ရတယ်လို့ ခင်ပွန်းဖြစ်သူ ဦးရင်ဖုက ပြောပါတယ်။

"ဖြစ်စဉ်ကတော့ မုဒိမ်းကျင့်ပြီး ဓါးနဲ့ထိုးထားတဲ့အချက်ပေါင်းလည်း မနည်းဘူး။ သတ်ဖြတ်ထားတာ။ တရားဥပဒေနဲ့အညီ မျှမျှတတလေး အရေးယူပေးစေချင်တယ်။သူတို့က အမှုက မဟုတ်တဲ့ပုံစံမျိုး။ မုဒိမ်းကျင့်ပြီး သတ်ဖြတ်တာကို ပြည့်ပြည့်စုံစုံလေး အရေးယူပေးစေချင်တာ။”

နွယ်လန်းရွာထိပ်မှာ စစ်တပ်ရဲ့ တပ်ဌာနချုပ်ရှိပါတယ်။ ဒေါ်ခေါ်ယွယ်ဟာ သူတို့ရဲ့လယ်တွေဆီရောက်ဖို့ နွယ်လန်းတပ်ဋ္ဌာနချုပ်က ပိုင်ဆိုင်တဲ့ လယ်ဧက ၂၀ ဝန်းကျင်ကို ဖြတ်သန်းသွားရပါတယ်။ အဲဒီလိုဖြတ်ပြီး သွားတဲ့အချိန်မှာပဲ စစ်သားတွေက အခုလို အကြမ်းဖက်မှုကို ကျူးလွန်ခဲ့ကြတာဖြစ်တယ်လို့ ဒေါ်ခေါ်ယွယ်ရဲ့ ကျစ်ရစ်သူမိသားစုဝင်တွေက RFA ကို ပြောကြပါတယ်။

စစ်တပ်ကတော့ သူတို့ရဲ့စစ်သားသုံးဦးဟာ ဒေါ်ခေါ်ယွယ်နဲ့ စကားများပြီး ဒေါသအလျောက် သတ်ဖြတ်ခဲ့တာ လို့ ဇူလိုင် ၁၇ ရက်နေ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။ ကျူးလွန်ခဲ့တဲ့ စစ်သား သုံးဦးကို တပ်ဌာနချုပ်မှာ ချုပ်နှောင်ထားပြီး အခြားပြစ်မှုတွေ ကျူးလွန်ခဲ့မှုရှိ မရှိ သိရှိနိုင်ဖို့ ဒေါ်ခေါ်ယွယ်ရဲ့အလောင်းကို ရင်ခွဲစစ်ဆေး တဲ့အပြင် ဓာတုရုံးကိုလည်း အချက်အလက်တွေ ပို့ထားတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြခဲ့ပါတယ်။ အဓမ္မ ကျင့်သတ်ဖြတ်ခဲ့မှု ဟုတ် မဟုတ်ဆိုတာကို စစ်ကောင်စီထုတ်ပြန်ချက်မှာ အတိအလင်းဖော်ပြမထားပါဘူး။

"မုဒိမ်းကျင့်ပြီး သတ်ဖြတ်တာကို ပြည့်ပြည့်စုံစုံလေး အရေးယူပေးစေချင်တာ"

မိသားစုကတော့ ဒေါ်ခေါ်ယွယ်ကို အဓမ္မကျင့်သတ်ဖြတ်ခဲ့တဲ့ စစ်သား သုံးဦးကို မိုးမောက်မြို့နယ် မြို့သစ် ရဲစခန်းမှာ ဇူလိုင် ၁၅ ရက်နေ့က အမှုဖွင့်တိုင်ကြားထားပါတယ်။

ဒါပေမဲ့ ဒေသအခြေစိုက် စစ်သားသုံးဦး ပါဝင်ပတ်သက်နေတဲ့အတွက် ဒီအမှုကို ရဲစခန်းက ဘယ်လိုပုဒ်မ တပ်ပြီး လက်ခံမလဲဆိုတာကို မိသားစုက အတိအကျ မသိရသေးပါဘူး။

အတိတ်မှာလည်း ဒီလိုဖြစ်စဉ်တွေရှိခဲ့တာကြောင့် စစ်တပ်ရဲ့ တရားစီရင်မှုကို ယုံကြည်လို့မရဘူးလို့  ဒေါ်ခေါ်ယွယ်ရဲ့ မိသားစုကို ကူညီပေးနေတဲ့ ကချင်ပြည်နယ် အမျိုးသမီးကွန်ရက်(KSWN) တာဝန်ရှိသူတစ်ဦး က RFA ကိုပြောပါတယ်။

“သူတို့(စစ်တပ်)ဘက်က သူတို့တာဝန်ယူမယ်ဆိုတာ ကျွန်မအနေနဲ့တော့ သဘောမတူဘူး။ အခုချိန်မှာ အရပ်ဘက်ခုံရုံးမှာတင်ပေးရင် ပိုကောင်းမယ်။ အရင်တုန်းကဖြစ်ဖူးတဲ့ ဖြစ်စဉ်တွေရှိတယ်။ သူတို့ဘက်က ပြစ်ဒဏ်ချလိုက်တယ်ဆိုရင် ဘယ်သူမှမမြင်ရဘူး။ တစ်ခါတလေကျရင် သူတို့က ပိုက်ဆံ သုံးသိန်းလောက် နဲ့ လျော်ကြေးပေးပြီးထားခဲ့တာတွေလည်း အများကြီးရှိတယ်။”

၂၀၁၅ ခုနှစ်တုန်းကလည်း ကချင်ပြည်နယ် ဗန်းမော်မြို့ နယ်အခြေစိုက် စစ်တပ်က စစ်သားတစ်ဦးဟာ ဒေသခံ အသက် ၇၂ နှစ် အရွယ် အဘွားအိုတစ်ဦးကို  အဓမ္မပြုကျင့်ဖို့ ကြံစည်ကြိုးစားခဲ့ဖူးပါတယ်။

စစ်တပ်က အဲဒီစစ်သားကို စစ်ခုံရုံးကနေ အပြစ်ပေးအရေးယူလိုက်တယ် ပြောပေမယ့် ပွင့်လင်းမြင်သာမှု မရှိခဲ့တာကြောင့် စစ်ဘက်တရားစီရင်ရေးကို မယုံကြည်ဘူးလို့ ကချင်အဖွဲ့အစည်းတွေက RFA ကို ပြော ပါတယ်။

စစ်ဖြစ်ပွားတဲ့ တိုင်းရင်းသားဒေသတွေမှာ အရပ်သားတွေအပေါ်  ပြစ်မှုကျူးလွန်ခဲ့တာတွေအတွက် စစ်တပ်ရဲ့ အရေးယူအပြစ်ပေးမှုက ပေါ့ပေါ့ဆဆလုပ်နေတယ်လို့ ကချင်လွတ်မြောက်ရေးတပ်မတော်(KIA) သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူ က ဝေဖန်ပါတယ်။
(KIA သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူ)

“ဒါက ထိထိရောက်ရောက်အရေးယူဖို့လိုမယ်လို့ ကျွန်တော်ထင်တယ်။ အခု တော့ ဘာမှအရေးမယူဘဲ တခြားအမှုဘက်ကိုလွှဲပြီးမှ ရန်ဖြစ်တာမျိုးတို့ စကားများတာမျိုးတို့နဲ့ အရေးယူတဲ့အပိုင်းမှာ ပေါ့ပေါ့ဆဆ လုပ်တာကို ကျွန်တော်တို့ တွေ့ရပါတယ်။ အဲဒါမလုပ်သင့်ဘူးလို့ ကျွန်တော်ပြောလိုခြင်း ဖြစ်ပါတယ်။ တကယ့်စစ်သားတွေက စစ်မြေပြင်မှာ ပြည်သူလူထုကို နှိပ်စက်တာတွေက ဒါမျိုး rape case လုပ်တာတွေကတော့ ထိထိရောက် ရောက် အရေးယူဖို့လိုမယ်လို့ ထင်ပါတယ်။ သူတို့ပြောနေတဲ့ ဥပဒေအရ အရေးယူမယ်ဆိုရင်တော့ ဥပဒေမှာပြဌာန်းထားတဲ့အတိုင်း အရေးယူဖို့လိုတယ်”

လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကျူးလွန်နေပေမယ့် အပြစ်ပေးအရေးယူမှုတွေကနေ လွတ်မြောက်နေတဲ့ စစ်တပ်ကို လက်တွေ့ကျကျအရေးယူနိုင်ဖို့က ဒီမိုကရေစီအင်အားစုတွေ ပြန်ပြီးအနိုင်ရဖို့ လိုအပ်နေတယ်လို့ လူ့အခွင့်အရေးလှုပ်ရှားသူတစ်ဦးဖြစ်တဲ့ (ဂျာမနီနိုင်ငံ ကွန်စတန့်တက္ကသိုလ်တွင် နိုင်ငံရေးနှင့် တရားဥပဒေ ရေးရာ မနုဿဗေဒပါရဂူဘွဲ့ကျမ်းပြုနေသူနှင့် Fortify Rights အဖွဲ့ဝင်) ဂျာမနီနိုင်ငံရောက် ကိုနစ်ကီဒိုင်းမွန်း က ပြောပါတယ်။
 Fortify Rights အဖွဲ့ဝင် ကိုနစ်ကီဒိုင်းမွန်း

“အမျိုးသမီးတွေကို ပစ်မှတ်ထားပြီးတော့ အဓမ္မပြုကျင့်သတ်ဖြတ်တယ် ဆိုတာ စစ်ရာဇဝတ်မှုလည်း မြောက်တယ်၊ ဒီလိုမျိုး လက်နက်သဖွယ် အသုံးချတဲ့လုပ်ရပ်မျိုးကို ကျွန်တော်တို့ လူ့အခွင့်အရေးအဖွဲ့အနေနဲ့လည်း ရှုတ်ချတယ်။ ဒီမိုကရေစီနည်းလမ်းတကျရွေးချယ်တဲ့ အစိုးရလက်ထက် ရောက်မှသာလျှင် ကျွန်တော်တို့ အရေးယူမှုတွေလုပ်နိုင်မယ်လို့မြင်တယ်။ ဘာကြောင့်လဲဆိုရင် စစ်တပ်က အကြမ်းဖက်လုပ်ရပ်တွေလုပ်ပြီး သူတို့ရဲ့ အာဏာကို တည်ဆောက်နေတယ်။ သူတို့အုပ်ချုပ်မှုရသွားလို့ မဖြစ်ဘူး။ ဒီတိုင်းပြည်ကို မောင်ပိုင်စီးအုပ်ချုပ်လို့ရသွားလို့ မဖြစ်ဘူး။ကျွန်တော်တို့ ဒီမိုကရေစီအင်အားစုတွေ ပြန်ပြီးတော့ အနိုင်ရဖို့လိုတယ်။ အဲလိုအနိုင်ရမှသာလျှင် သူတို့ကိုအပြစ်ပေးမယ့်ကိစ္စရပ်က ပိုပြီးတော့ လက်တွေ့ကျမှာ”

နွယ်လန်းရွာဟာ အိမ်ခြေ ၁၅၀ ဝန်းကျင်ရှိပြီး လယ်သမားအများစုနေထိုင်တဲ့ ကချင်ရွာတစ်ခုဖြစ်ပါတယ်။  ပြီးခဲ့တဲ့ ဧပြီလကုန်ပိုင်းမှာ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)တို့ အကြား ပြင်းထန် တဲ့တိုက်ပွဲတွေဟာ နွယ်လန်းကျေးရွာအနီးမှာ ဖြစ်ပွားခဲ့ပါတယ်။ တိုက်ပွဲအတွင်း အသက် ၇၂ နှစ်အရွယ် အဘိုးအိုတစ်ဦး သေဆုံးခဲ့တဲ့အပြင် ၂၇ နှစ်အရွယ် အမျိုးသမီးတစ်ဦးလည်း ဒဏ်ရာရရှိခဲ့လို့ ရွာသားတွေဟာ မိုးမောက်မြို့ပေါ်ကို ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။ အခု မိုးရာသီရောက်လို့ လယ်ယာလုပ်ငန်းတွေပြန်လုပ် ဖို့ သန်မာတဲ့ အမျိုးသား၊ အမျိုးသမီး ၅၀ ဝန်းကျင်လောက်ဟာ သက်ဆိုင်ရာနေအိမ်တွေဆီ ပြန်လာခဲ့ကြ တာပါ။

ပြီးခဲ့တဲ့ဧပြီလက စစ်ရှောင်ခဲ့ရတဲ့ ဒေါ်ခေါ်ယွယ်တို့ မိသားစုလည်း ဇွန်လ တတိယပတ်လောက်ကမှ လယ်ယာထွန်ယက်စိုက်ပျိုးဖို့ ရွာကို ပြန်လာချိန်မှာ စစ်သားတွေရဲ့ အဓမ္မကျင့်သတ်ဖြတ်မှုကို ကြုံခဲ့ရတာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

ဆိုက်တခုလုံးသို့