မူဆယ်မြို့နယ်မှာ ရွာသားသုံးဦး သေဆုံးမှု အမှန်တရားဖော်ထုတ်ဖို့ တောင်းဆို

ကံသာ
2020.08.25

တပ်မတော်စစ်ကြောင်းက လွန်ခဲ့တဲ့သုံးလလောက်ကခေါ်သွားပြီး ပျောက်ဆုံးနေတဲ့ ရွာသားသုံးဦးရဲ့ အလောင်းကို မူဆယ်မြို့နယ် နမ့်ကတ်ကျေးရွာအုပ် မိုင်းဆတ်ရွာဟောင်းအနီးမှာ ပြန်လည်တွေ့ရှိခဲ့တာနဲ့ ပတ်သက်ပြီး တရား မျှတမှုရဖို့ မိသားစုဝင်တွေနဲ့ တအာင်းအရပ်ဘက်အဖွဲ့တွေက တောင်းဆိုလိုက်ပါတယ်။ တပ်မတော်ဘက်ကတော့ သူတို့နဲ့ ပတ်သက်မှုမရှိနိုင်ကြောင်း တုံ့ပြန်ပါတယ်။

မူဆယ်မြို့နယ် နမ့်ကတ်ကျေးရွာအုပ်စု မိုင်းဆတ်ရွာသစ်မှာနေတဲ့ အသက် ၄၀ အရွယ် ဦးညီလိတ်၊ မန်ကန်ရွာ မှာနေတဲ့ အသက် ၂၈ နှစ်အရွယ် မိုင်ညီထွန်းနဲ့ နမ့်ခမ်းမြို့နယ် လွယ်မွန်ရွာမှာနေတဲ့ မိုင်းအလုံ တို့ သုံးဦးရဲ့ ရုပ်အလောင်းတွေကို သြဂုတ်လ ၂၀ ရက်နေ့က မိုင်းဆတ်ရွာဟောင်းအနီး တောထဲမှာ မြှုပ်နှံထားတာကို ရွာသားတွေက တွေ့ရှိခဲ့တာပါ။

မန်ကန်ရွာသား မိုင်းညီထွန်းဟာ မေလ ၂၈ ရက်နေ့က အိမ်ကနေ တောင်ပေါ်ကို မီးသွေးဖုတ်ဖို့ ထွက်သွားခဲ့ တာဖြစ်ပြီး သူငယ်ချင်းဖြစ်သူ မိုင်းညီအောင်တဲမှာ ညအိပ်ခဲ့တာလို့ မိသားစုဝင်က ပြောပါတယ်။

အဲဒီနေ့မှာပဲ TNLA တပ်ဖွဲ့တွေ ရောက်လာပြီး တဲအနီး ထမင်းဟင်းချက်စားနေတုန်း ညနေပိုင်းမှာ တပ်မတော် စစ်ကြောင်းနဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

တပ်ကစစ်မေးပြီး တဲပိုင်ရှင် မိုင်းညီအောင်နဲ့ သူ့ကလေးနှစ်ဦးကို လွှတ်ပေးခဲ့ပေမယ့် မိုင်းညီထွန်းကို ခေါ်ဆောင် သွားခဲ့တာမှာ မေလ ၂၉ ရက်ထဲက အဆက်အသွယ်မရတော့ဘူးလို့ မိုင်းညီထွန်းရဲ့ အစ်မဖြစ်သူ မခမ်းအောင်က RFA ကို ပြောပါတယ်။

နမ့်ခမ်းမြို့နယ် လွယ်မွန်ရွာသား မိုင်းအလုံကတော့ TNLA အဖွဲ့နဲ့အတူ ပါလာတာဖြစ်ပြီး တိုက်ပွဲဖြစ်ချိန်မှာ ကျန်ခဲ့လို့ တပ်မတော်စစ်ကြောင်းက စစ်မေးပြီး မိုင်းညီထွန်းနဲ့အတူ ခေါ်ဆောင်သွားခဲ့တယ်လို့ ဒေသခံက ပြောပါတယ်။

မိုင်းအလုံဟာ လွန်ခဲ့တဲ့ လေးလလောက်ထဲက ပိုက်ဆံရှာမယ်ဆိုပြီး အိမ်ကနေထွက်သွားတာလို့ ဖခင်ဖြစ်သူက RFA ကို ပြောပါတယ်။

မိုင်းဆတ်ရွာသား ဦးညီလိတ် ကတော့ တောင်ပေါ် မီးသွေးဖုတ်တဲ့နေရာကိုသွားရင်း ၂၉ ရက်နေ့ထဲက ပျောက်ဆုံးသွားခဲ့တာလို့ တအာင်းစာပေယဉ်ကျေးမှုအဖွဲ့ အတွင်းရေးမှူး တာအိုက်သိန်းဝင်းက ပြောပါတယ်။

မျက်မြင်ကျေးရွာသားတွေရဲ့ပြောပြချက်အရ ပျောက်ဆုံးသူတွေကို တပ်မတော် တပ်မ ၉၉ စစ်ကြောင်းက ခေါ်သွားတယ်လို့ သိရချိန်မှာ ရဲစခန်းနဲ့ တပ်ပိုင်းဆိုင်ရာအဖွဲ့တွေကို အကူအညီ တောင်းပေးခဲ့ပေမယ့် ဘာမှ မထူးခြားလာဘဲ ရုပ်အလောင်းတွေတွေ့မှ သေဆုံးသွားပြီဆိုတာကို သိရတာလို့ မူဆယ်မြို့နယ် တအာင်း စာပေယဉ်ကျေးမှုအဖွဲ့ အတွင်းရေးမှူး တာအိုက်သိန်းဝင်းက ပြောပါတယ်။

တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်ချုပ်ဇော်မင်းထွန်း ကတော့ မူဆယ်ဖြစ်စဉ်မှာ အလောင်းတွေ့ တဲ့နေရာဟာ TNLA တပ်ဖွဲ့ရဲ့ စခန်းဟောင်းနေရာလို့သိရပြီး ဖြစ်စဉ်မှာ တပ်မတော်နဲ့ ပတ်သက်မှု မရှိနိုင်ဘူးလို့ ပြောပါတယ်။

TNLA ပြောခွင့်ရ ဗိုလ်မှူး မိုင်းအိုက်ကျော် ကတော့ အခုဖြစ်စဉ်ဖြစ်တဲ့နေရာတဝိုက် အရင်က တပ်မတော် စစ်ကြောင်းတွေ ထိုးစစ်ဆင်ခဲ့တာရှိသလို ရွာသားတွေ ပျောက်ဆုံးတာရှိကြောင်း ပြောပါတယ်။

ရှမ်းပြည်မြောက်ပိုင်း အခြေစိုက် တအာင်းအမျိုးသမီးအဖွဲ့ အထွေထွေအတွင်းရေးမှူး (၂) လွေးပိုးလပါးက ဒီအမှုကိစ္စအတွက် အမှန်တရားပေါ်ပေါက်ရေး တောင်းဆိုတယ်လို့ ပြောပါတယ်။

သေဆုံးတဲ့ ရွာသားတွေရဲ့  ရုပ်အလောင်းကို အခုလ ၂၀ ရက်နေ့မှာ ရဲတပ်ဖွဲ့ဝင်တွေ၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနဝန်ထမ်းတွေ၊ တအာင်းစာပေယဉ်ကျေးမှုအဖွဲ့ တာဝန်ရှိသူတွေ၊ ဆရာဝန်နဲ့ မိသားစုတွေရှေ့မှာ တူးဖော်ခဲ့တာပါ။

အလောင်းတွေဟာ ပုပ်ပွနေပြီဖြစ်တာကြောင့် ဘာကြောင့်သေဆုံးရတယ်၊ ဘယ်လိုဒဏ်ရာနဲ့ သေဆုံး ရတယ်ဆိုတာကို မသိရသေးဘူးလို့ တအာင်းစာပေယဉ်ကျေးမှုအဖွဲ့က ပြောပါတယ်။

ရှမ်းပြည်နယ် ဒုပြည်နယ်ရဲတပ်ဖွဲ့က ရဲမှူးကြီး ဗညားဦးကတော့ လူသေဆုံးမှုအတွက် မူဆယ်ရဲစခန်းမှာ အမှုဖွင့်ထားပြီး စစ်ဆေးမှုတွေလုပ်နေတယ်လို့ ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။