လယ်သိမ်းခံရသည့် အဖွားအို ကူညီမိသူသုံးဦး တရားစွဲခံရ

မကွေးတိုင်း ချောက်မြို့နယ်၊ ကျောက်ရဲကျေးရွာက အသိမ်းခံရတဲ့ လယ်ယာမြေ ပြန်ရရေးအတွက် မကွေးတိုင်း တယက ဥက္ကဋ္ဌကို စာရေး တိုင်ကြားရာမှာ ပါဝင်ခဲ့သူသုံးဦးကို မမှန်မကန် ရေးသား တိုင်ကြားတယ်ဆိုပြီး ရုံးတင် စစ်ဆေးတာ ခံနေရတယ်လို့ သိရပါတယ်။
2010-09-28
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
လယ်ကွင်းထဲတွင် ကောက်လှိုင်းများ သယ်ဆောင်နေတဲ့ တောင်သူလယ်သမားများပုံ
လယ်ကွင်းထဲတွင် ကောက်လှိုင်းများ သယ်ဆောင်နေတဲ့ တောင်သူလယ်သမားများပုံ
Photo: AFP

တရားစွဲဆိုခံနေရသူ သုံးဦးကတော့ တိုင်စာအကြမ်း ရေးသားပေးတဲ့ ကိုညိုဒေါင့်၊ စာအချော ရေးသားခဲ့တယ် ဆိုတဲ့ ကိုသန်းငွေနဲ့ စာတိုက်ကနေတဆင့် တိုင်ကြားစာပို့ရာမှာ အားပေးကူညီခဲ့သူ ကိုလှရွှေတို့ ဖြစ်ကြပါတယ်။

သူတို့ဟာ အသိမ်းခံထားရတဲ့ လယ်မြေပိုင်ရှင် အသက် ၈၀ အရွယ် ဒေါ်ချင်းမရဲ့ ဆွေမျိုးသားချင်းတွေ ဖြစ်ကြတယ်လို့ သိရပါတယ်။

ဒေါ်ချင်းမပိုင်လယ်မြေ ငါးဧကထဲက နှစ်ဧကခွဲကို ကျေးရွာ ရယကဥက္ကဋ္ဌက ၂၀ဝ၆ ခုနှစ်ထဲမှာ သိမ်းယူလိုက်ပြီး ကြက်ဆူပင်တွေ စိုက်ပျိုးထားတာ ဖြစ်ပါတယ်။

ဒီကိစ္စကို မကွေးတိုင်း တယက ဥက္ကဋ္ဌထံ လိပ်မူပြီး ၂၀ဝ၉ ခုနှစ် စက်တင်ဘာလအတွင်း စာရေးတိုင်ကြားခဲ့ ပြီးတဲ့နောက် ခရိုင်ရဲတပ်ဖွဲ့မှူးက ခေါ်ယူမေးမြန်းမှုတွေ လုပ်ခဲ့ပြီး မမှန်မကန် သတင်းပေး တိုင်ကြားလို့ဆိုကာ ချောက်မြို့နယ်တရားရုံးမှာ ပြီးခဲ့တဲ့ ကြာသပတေးနေ့က စတင် တရားစွဲဆိုလိုက်တာ ဖြစ်ကြောင်း တရားစွဲခံ နေရသူတွေထဲက တဦးဖြစ်တဲ့ ဦးသန်းငွေက အခုလို ပြောပါတယ်။

“ဒီတိုင်ချက်တွေကို ပို့တော့ ကျနော်တို့ အစစ်ခံရတယ်ပေါ့နော်၊ စစ်လိုက်တယ်၊ စစ်လိုက်တယ်၊ စစ်လိုက်တယ်၊ စစ်လိုက်တဲ့မှာ အားလုံးက ကျနော်တို့ဖက်က အမှန်တွေကြည့်ပဲ ဖြေရှင်းတာကို မမှန်မကန် တိုင်ပါတယ် ဆိုပြီးတော့ ခရိုင်ရဲမှူး သူရသွင်ကိုကို သူက သုံးသပ်ပြီးတော့ ချောက်မြို့နယ် ရဲတပ်ဖွဲ့မှူး ဦးမြင့်ဆွေကို တရားလို လုပ်ခိုင်းပါတယ်။”

လယ်မြေသိမ်းသွားတဲ့အတွက် ဘာလျော်ကြေး တပြားတချပ်မှလည်း မပေးဘူးလို့ ဆိုပါတယ်။ လယ်မြေပိုင်ရှင် အဖွားအို ဒေါ်ချင်းမဟာ အဲဒီမြေပေါ်မှာ နှစ်စဉ် မြေပဲ၊ ပဲစိမ်းငုံ၊ ပဲတီစိမ်း စတဲ့သီးနှံတွေ စိုက်ပျိုးလုပ်ကိုင် စားသောက် နေရသူ ဖြစ်ပြီး ခုလို မြေအသိမ်းခံလိုက်ရတဲ့အတွက် စိတ်သောက ရောက်နေတယ်လို့ ဦးသန်းငွေက ဆက်ပြောပါတယ်။

“လယ်သိမ်းခံရတာ ဘာမှလည်း မပေးဘူးခင်ဗျ၊ ဒီ ဒေါ်ချင်းမမှာ ယာမြေကလည်း လက်လွတ်တယ်၊ စိုက်ထားတဲ့သီးနှံတွေလည်း ဆုံးရှုံးရတယ်၊ အသက်က ၈၀ ကျော်၊ ဒါလေး မှီဝဲပြီး စားသောက်နေရာတာ ဒီလိုအသိမ်းခံလိုက်ရတော့ ဘဝတော့ ရင်ကျိုးပေါ့နော် စိတ်ထိခိုက်ပြီးတော့ သူရောဂါကို ရနေပါတယ်။”

ဒီကိစ္စကို အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချူပ်ရုံး အိုင်အယ်လ်အိုကို တိုင်ကြားနိုင်ဖို့အတွက် အဓမ္မ လုပ်အားပေးခိုင်းစေမှုတွေ၊ လယ်ယာမြေ သိမ်းဆည်းခံရမှုတွေနဲ့ ပတ်သက်ပြီး အိုင်အယ်လ်အိုရုံးနဲ့ ဆက်သွယ် ကူညီ ဆောင်ရွက်ပေးနေတဲ့ စမ်းချောင်းမြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချူပ် ဥက္ကဋ္ဌ ဦးသက်ဝေ ထံ အကူအညီ တောင်းခံထားတယ်လို့ သိရပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့