မြန်မာနိုင်ငံရဲ့ လက်ရှိ ပြုပြင်ပြောင်းလဲမှုတွေ သူရ ဦးရွှေမန်း အားမရသေး

မြန်မာနိုင်ငံရဲ့ လက်ရှိ ပြုပြင် ပြောင်းလဲမှုတွေဟာ နှေးကွေးလေးလံနေပြီး အားရကျေနပ်စရာ မကောင်းလှသေးဘူးလို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရ ဦးရွှေမန်းက မနေ့က ပြောလိုက်ပါတယ်။

2012.02.22
thura-shwe-mann-305 ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်း
RFA

ဗုဒ္ဒဟူးနေ့ မနက် ၉ နာရီက ရန်ကုန်တိုင်း ဒေသကြီးလွှတ်တော် အစည်းအဝေးခန်းမမှာ ကျင်းပခဲ့တဲ့ ပြည်သူ့လွှတ်တော် ဥပဒေရေးရာနဲ့ အထူးကိစ္စရပ်များ လေ့လာ ဆန်းစစ် သုံးသပ်ရေး ကော်မရှင် တွေ့ဆုံပွဲမှာ အဲဒီလို ပြောဆိုခဲ့တာပါ။

အစိုးရရဲ့ လက်ရှိဆောင်ရွက်နေတဲ့ ပုံစံအတိုင်း ဥပဒေတွေ ပြင်ဆင် ပြဋ္ဌာန်းရေးမှာ နှေးနှေးကွေးကွေး သွားနေမယ်ဆိုရင် မိမိတို့ရဲ့လွှတ်တော် ၅ နှစ်သက်တမ်းအတွင်း လုပ်ငန်းတွေ ပြီးစီးမှာမဟုတ်ဘူးလို့ ပြောဆိုခဲ့ပါတယ်။ ရွေ့ရမယ့်သူတွေက မရွေ့ရင် တွန်းရမယ့်သူတွေက ရွေ့အောင် တွန်းရမှာဖြစ်ကြောင်း၊ နေပြည်တော်က ဆောက်လုပ်ရေး အလုပ်သမားတွေ လစာ တစ်သိန်းကျော် ရနေချိန်မှာ မိမိအနေနဲ့ ပြည်သူ့ဝန်ထမ်း လစာတိုးပေးဖို့ အဆိုကို နောက်ဆုတ်မှာ မဟုတ်ကြောင်း၊ ဝန်ထမ်းလစာတိုးလို့ ကုန်ဈေးနှုန်းတွေ မမြင့်ရအောင် နည်းလမ်း ရှာရမှာဖြစ်ကြောင်း၊ လွှတ်တော် ကိုယ်စားလှယ်တွေ အဂတိတရား ရှောင်ရှားပြီး ရဲရဲဝံံ့ဝံ့ သတ္တိရှိရှိနဲ့ ပြည်သူ့အကျိုး အရေးဆို ဆောင်ရွက်ကြစေလိုကြောင်း ပြောဆိုခဲ့ပါတယ်။

ဒါပေမယ့် မိမိရဲ့ မိန့်ခွန်းတွေကို ပြန်ကြားရေးဌာန သတင်းတွေမှာ အဖြတ်တောက် ခံခဲ့ရတယ်လို့လည်း သူရဦးရွှေမန်းက ထည့်သွင်းပြောဆိုခဲ့ပါတယ်။ အခုလို ဝန်ထမ်းလစာတိုးရေး ပြောဆိုနေတာဟာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီအတွက် မဲဆွယ်နေတဲ့ သဘောများလားလို့ သတင်းထောက် တစ်ယောက်က မေးမြန်းရာမှာတော့ အဲဒီသဘော မဟုတ်ကြောင်း၊ ပြည်သူ့အကျိုး အတွက်သာ ဖြစ်ကြောင်း ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌလည်းဖြစ်တဲ့ ဦးရွှေမန်းက ငြင်းဆိုခဲ့ပါတယ်။

ဒီကနေ့မှာတော့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းဟာ တရုတ်ပြည်ကို ငါးရက်ကြာ အလည်အပတ် ရောက်နေပြီဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2012-02-22 23:53

စီစစ်ရေးကိုလွှတ်တော်အကြီးအကဲကလည်းကြောက်နေရပါ့လား၊စီစစ်ရေးကစာမတတ်ပေမတတ်မောင်ယဉ်ကျေးကိုသမတတောင်ကြောက်နေရတယ်လို့သတင်းတွေထွက်နေတာအမှန်ဘဲပေါ့။