ဦးနေမျိုးဝေကို ရဲကစစ်ဆေး
2012.07.23
ဒီကနေ့ ခေါ်ယူစစ်ဆေးတာကို ထွက်ဆိုခဲ့တာနဲ့ပတ်သက်လို့ ဦးနေမျိုးဝေက အာအက်ဖ်အေကို အခုလိုပြောပါတယ်။
"ကျွန်တော်နဲ့ ဇေကမ္ဘာ ကုမ္ပဏီ အကြားမှာ အပြန်အလှန် ပြောဆိုတဲ့ ကိစ္စတွေဟာ ပြည်တွင်းဂျာနယ်တွေမှာ သက်သေအထောက်အထားတွေ အကုန်လုံး အခိုင်အမာရှိပါတယ်။ ဒီနေ့ ၂၃ ရက် ရက်စွဲအထိ ပြောဆိုထားတဲ့ စကားတွေ မှန်ကန်ကြောင်း ကျွန်တော် တာဝန်ခံပါတယ်။ ဒါပေမဲ့ အဲဒီ ကျွန်တော်ထောက်ပြတာတွေက ဂုဏ်သရေ ညှိုးနွမ်းအောင်မျိုး ပြောဆိုတာမျိုး မဟုတ်ပဲနဲ့ ကျွန်တော့်ရဲ့ နိုင်ငံရေးတာဝန်အရ ပြည်သူချင်းပဲ ဖြစ်ဖြစ်၊ ပြည်သူနဲ့ အစိုးရပဲ ဖြစ်ဖြစ် အငြင်းပွားမှုတွေမှာ ကျွန်တော်တို့ မှန်ကန်တယ်လို့ လေ့လာသုံးသပ် ဖော်ထုတ်တွေ့ရှိချက်တွေကို အမှန်အတိုင်း ထောက်ပြခြင်းသာ ဖြစ်ပါတယ်။ ကျွန်တော်အဲဒီလိုမျိုး ရှင်းပြပါတယ်"
အမှုဖြစ်စဉ်မှာ ဇေကမ္ဘာကုမ္ပဏီက စက်မှုဇုန်အဖြစ် ချထားပေးခြင်းမရှိ၊ လန ၃၉ မကျ၊ လယ်ယာမြေ အသုံးပြုခွင့်မရှိပဲနဲ့ အဆောက်အဦးတွေ ဆောက်တာ၊ လမ်းတွေဖောက်တာ၊ အုတ်မြောင်းတွေ ဆောက်တာ၊ မီးတိုင်တွေ စိုက်တာတွေ ဟာ ဥပဒေနဲ့မညီကြောင်း၊ ဒါ့အပြင် လယ်ယာမြေတွေကို နိုင်ငံတော်က သိမ်းတယ်လို့တောင်သူ လယ်သမားတွေကို ကုမ္ပဏီက ပြောဆိုနေတာတွေဟာ မမှန်ကန်ကြောင်း ဂျာနယ်တွေကို ဦးနေမျိုးဝေက ပြောခဲ့တယ်လို့ ဆိုပါတယ်။
"ခုလည်း ရဲတပ်ဖွဲ့ကတော့ မြို့နာ်အိုးအိမ်တို့၊ အိုးအိမ်ဦးစီးဌာနမှာ လန ၃၉ ကျ မကျ မေးမြန်းပြီးပါပြီဗျ။ အဲဒီ ထွက်ရှိလာတဲ့ အဖြေကို ကျွန်တော့်ကို ပြောလိုက်ပါတယ်။ ကျွန်တော်တို့နဲ့ အိုးအိမ်နဲ့ သိခဲ့ဟာကတော့ လန ၃၉ မကျဘူးဆိုတာ သိထားပါတယ်။ ရဲတပ်ဖွဲ့ကလည်း သိထားပြီးပါပြီ"
စက်မှုဇုန် ၁ ၊ ၂ ၊ ၃ အဖြစ် လယ်မြေဧက ၃၀၀၀ ကျော်မှာ လန ၃၉ ကျသွားပြီ ဖြစ်ပါတယ်။ စက်မှုဇုန် ၄ ကတော့ လန ၃၉ မကျပဲ သီးစားပြန်ချထားတာ ဖြစ်ပါတယ်။ ဦးနေမျိုးဝေဟာ မင်္ဂလာဒုံမြို့နယ် ရွှေနံ့သာကျေးရွာက လယ်သမား (၈၀) ကျော်ပိုင်တဲ့ လယ်မြေ (၈၁၅) ဧကကို ဇေကမ္ဘာကုမ္ပဏီ လက်ထဲကနေ လယ်သမားတွေ လက်ထဲ ပြန်လည်ရောက်ရှိရေး၊ ဒါမှမဟုတ် ကာလ ပေါက်ဈေးရဲ့ ၁၀ ရာခိုင်နှုန်းကို နစ်နာကြေး ရရှိရေးအတွက် ကြိုးပမ်းဆောင်ရွက်ခဲ့ပါတယ်။
အဲဒီလယ်မြေတွေကို စက်မှုဇုန် တည်ဆောက်ဖို့ဆိုပြီး ဇေကမ္ဘာကုမ္ပဏီက သိမ်းယူခဲ့တာလို့ လယ်သမားတွေက ပြောပါတယ်။ ဦးနေမျိုးဝေဟာ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ရွှေနံ့သာကျေးရွာက လယ်မြေတွေ သိမ်းယူခံထားရတဲ့ လယ်သမားတွေ အပါအဝင် တောင်သူ ၂၀၀ လောက်ကို ဦးဆောင်ပြီး ဆန္ဒပြခဲ့ပါတယ်။









