သူရိယအလင်း ဂျာနယ်ကိစ္စ ထုတ်ဝေသူ ရှင်းလင်း


2013.10.20

ပြီးခဲ့တဲ့သောကြာနေ့ညက ရန်ကုန်မြို့ သူရိယအလင်းဂျာနယ်တိုက်တွင်းက ကွန်ပျူတာတွေကို ဝင်ရောက်သိမ်းဆည်းခဲ့တာနဲ့ ပတ်သက်ပြီး သူရိယအလင်းဂျာနယ် ထုတ်ဝေသူ ဦးယုနိုင်က ဂျာနယ်ကို စနေနေ့မှာ မဖြန့်ဝေနိုင်အောင် ဆောင်ရွက်တာဖြစ်တယ်လို့ RFA ကို ပြောဆိုပါတယ်။

သူရိယအလင်းဂျာနယ် အမှုဆောင်အရာရှိချုပ် ဦးမိုးဟိန်းရဲ့ စနေနေ့က သတင်းစာရှင်းပွဲမှာ လူ ၁၅ ယောက်လောက်က ဂျာနယ်တိုက်အတွင်းဝင်ပြီး ကွန်ပြုူတာတွေ သိမ်းသွားခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ထုတ်ဝေသူ ဦးယုနိုင်က အမှုဆောင်အရာရှိချုပ် ဦးမိုးဟိန်းဟာ ပုဂ္ဂိုလ်ရေးထိုးနှက်ချက်တွေ၊ စာနယ်ဇင်းကျင့်ဝတ်နဲ့ မညီညွတ်တဲ့ဆောင်းပါးတွေ ရေးသားတာကြောင့် သတိပေးခဲ့ကြောင်း၊ ဒါပေမဲ့ မလိုက်နာတဲ့အတွက် ဂျာနယ်ကိုဆက်လက် မထုတ်ဝေတော့ဘဲ ရပ်ဆိုင်းဖို့ဆုံးဖြတ်ပြီး ဂျာနယ်တိုက်ကို တရားဝင်သွားရောက်ခဲ့တာလို့ RFA ကို ပြောပါတယ်။

"ပုဂ္ဂိုလ်ရေးတိုက်ခိုက်တာမျိုးတွေ၊ နစ်နာအောင်ရေးတာမျိုးတွေ မလုပ်ပါနဲ့ဆိုတာကို ကျနော်က အယ်ဒီတာအဖွဲ့ရော၊ အယ်ဒီတာချုပ်ရောကနေတဆင့်ပေါ့ အမှုဆောင်အရာရှိချုပ်ကို ကျနော်အတန်တန်တားပါတယ်ခင်ဗျ၊ ဂျာနယ်ကျင့်ဝတ်အတိုင်း အယ်ဒီတာအဖွဲ့ကလည်း သူ့ကိုအကြိမ်ကြိမ်ပြောပါတယ်ခင်ဗျ၊ ပြောတဲ့အခါမှာသူက သူ့သဘောနဲ့သူပဲ ရေးတဲ့အခါဖြစ်လာတဲ့အခါကျတော့ ကျနော်ကသူရိယဂျာနယ်ကို ထုတ်ဝေသူတစ်ယောက်အနေနဲ့ ရပ်လိုက်ပြီးဆိုတဲ့ ဆုံးဖြတ်ချက်ကိုချထားပါတယ်၊ စနေနေ့မနက်မှာ ဖြန့်ချိမယ်ဆိုတော့ ကျနော်က ထုတ်ဝေသူတစ်ယောက်အနေနဲ့ မဖြန့်စေချင်ဘူးပေ့ါ၊ တရားဝင်ပဲသွားတယ်၊ ကျနော့်ဂျာနယ်တိုက်လည်းဖြစ်ပါတယ်"

ဂျာနယ်တိုက်ကို သွာရောက်ချိန်မှာ အမှုဆောင်အရာရှိချုပ် ဦးမိုးဟိန်းမရှိကြောင်း၊ ကွန်ပျူတာတွေကို သယ်ယူစဉ်အတွင်း ဂျာနယ်တိုက်အတွင်းက လုံခြုံရေးကင်မရာကို အဝတ်နဲ့အုပ်လိုက်တယ်၊ ဖြုတ်ယူ သွားတယ်ဆိုတာကိုတော့မသိရှိကြောင်း ပြောဆိုပါတယ်။

ဂျာနယ်တိုက်ကိုသွားရောက်ရာမှာ စီးပွားကူးသန်းဝန်ကြီး ဦးဝင်းမြင့်ရဲ့သား ကိုသူရိန်ဝင်းမြင့်ပါကြောင်း၊ ဒီဆောင်ရွက်ချက်ဟာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ မြေးဖြစ်သူ ဖိုးလပြည့်က ဖိအားပေးလို့ဆိုတာ မဟုတ်မှန်ကြောင်း ငြင်းဆိုခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။