TIME မဂ္ဂဇင်းကို နယူးယောက်မှာ ဆန္ဒပြ


2013.07.04

ဇူလိုင် ၁ ရက်နေ့ထုတ် TIME မဂ္ဂဇင်း မျက်နှာဖုံးပါ Buddhist Terror ဆိုတဲ့အသုံးအနှုန်းနဲ့ ပတ်သက်ပြီး အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ TIME မဂ္ဂဇင်း အဆောက်အဦရှေ့မှာ မြန်မာဗုဒ္ဓဘာသာ ရဟန်းတော်တွေနဲ့ မြန်မာနိုင်ငံသားတွေ မနေ့မွန်းလွဲပိုင်းက ငြိမ်းငြိမ်းချမ်းချမ်း ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။

သံဃာ့ဥသျှောင်ဆရာတော်တွေဖြစ်ကြတဲ့ဆရာတော် ဦးကောဝိဒ၊ ဦးပညာဇောတတို့နဲ့အတူ နယူးယောက်၊ ပင်ဆယ်ဗေးးနီးယား၊ မြောက်ကယ်ရိုလိုင်းနား၊ ကင်တပ်ကီစတဲ့ ပြည်နယ်တွေမှာ သီတင်းသုံးတဲ့ သံဃာတော်တွေနဲ့ မြန်မာနိုင်ငံသားတွေ ဆန္ဒပြခဲ့ကြတာပါ။ TIME မဂ္ဂဇင်း အဆောက်အဦးရှေ့မှာ ဆိုင်းဘုတ်တွေ ကိုင်ဆောင်ပြီး ဆန္ဒပြခဲ့ကြကြောင်း ဆရာတော် ဦးပညာဇောတက မိန့်ပါတယ်။

"မေတ္တာတရားကို တိုးတက်လာအောင် စိုက်ပျိုးပါ။မေတ္တာတရားကို စိုက်ပျိုးပါ။မည်သူတစ်ဦးတစ်ယောက်ရဲ့ လုပ်ဆောင်ချက်ကြောင့် မြန်မာပြည်သူ/သားတွေ ပြဿနာတွေ မဖြစ်ကြဖို့၊အကွဲအပြဲတွေ မဖြစ်ကြဖို့ အချင်းချင်း စည်းစည်းလုံးလုံးနေကြဖို့ ဆိုင်းဘုတ်တွေ ကို ကိုင်ဆောင်ထားပါတယ်"

သံဃာတွေနဲ့ မြန်မာနိုင်ငံသားတွေ အေးအေးချမ်းချမ်း ဆန္ဒပြခဲ့ကြပုံကိုလည်း အခုလို မိန့်ကြားပါတယ်။

"တိုင်းမဂ္ဂဇင်းကို အတိုက်အခံပြုတာမျိုး မလုပ်ပါဘူး၊ ငြိမ်သက်ပြီး မေတ္တာပို့တာတွေ လုပ်နေတယ်၊ ဗုဒ္ဓဘာသာ ပရိတ်သတ်တွေကလည်း ဟန်နာဘိချ်ရဲ့ ဓာတ်ပုံကို ကြက်ခြေခတ်တာတွေ လုပ်ထားပါတယ်"

ဆန္ဒပြပွဲကို စုစုပေါင်း အင်အား ၇ဝ ဝန်းကျင် တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။