ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကိုယ်ရေးအရာရှိဟောင်း ရွေးကောက်ပွဲ ဝင်မည်

ရဲစည်သူကာ
2020.08.03
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကိုယ်ရေးအရာရှိဟောင်း ဒေါက်တာတင်မာအောင်ဟာ အခုလာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ကို ကိုယ်စားပြုပြီး တောင်ကုတ်မြို့နယ် မဲဆန္ဒနယ်မြေ အမှတ်(၂)၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်နေရာမှာ ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။

သူဟာ ၂၀၁၇ ခုနှစ်ကစလို့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်မှာ ဝင်ထားတာဖြစ်ပြီး၊ ပါတီရဲ့ တာဝန်ပေးချက်အရ အခုရွေးကောက်ပွဲမှာ ဝင်ပြိုင်မှာလို့ ALD ရွေးကောက်ပွဲအောင်နိုင်ရေးအဖွဲ့ ဗဟိုဥက္ကဋ္ဌ ဦးဦးလှမြင့် က RFA ကို မနေ့ညကပြောပါတယ်။

ဒေါက်တာတင်မာအောင် ဝင်ရောက်ယှဉ်ပြိုင်မယ့် တောင်ကုတ်မြို့နယ် မဲဆန္ဒနယ်မြေ အမှတ်(၂) နေရာကို ANP ရခိုင်အမျိုးသားပါတီက ဒေါ်ခင်မျိုးရင်ဆိုတဲ့ ကိုယ်စားလှယ်လောင်းက ဝင်ရောက် ယှဉ်ပြိုင်မှာဖြစ်ပါတယ်။

ဒေါက်တာတင်မာအောင်ဟာ ရခိုင်ပြည်နယ်မှာ ပညာရေးကျန်းမာရေးကူညီနေတဲ့ ဒေါက်တာစောမြအောင် ဖောင်ဒေးရှင်းရဲ့ အတွင်းရေးမှူးလည်းဖြစ်ပါတယ်။ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ALD ကို ၁၉၈၉ ခုနှစ်မှာ ဒေါက်တာ တင်မာအောင်ရဲ့ဖခင် ဒေါက်တာစောမြအောင်က ဥက္ကဋ္ဌအဖြစ် တာဝန်ယူတည်ထောင်ခဲ့ပြီး ၁၉၉၀ ရွေးကောက်ပွဲ မှာ ၁၁ နေရာအနိုင်ရခဲ့ပါတယ်။ ၁၉၉၈ ခုနှစ်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်းရင်းသားခေါင်းဆောင်တွေ စုစည်းပြီး ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီ CRPP ကို ဖွဲ့စည်းတဲ့အခါ ဒေါက်တာစောမြအောင်ကို ဥက္ကဋ္ဌအဖြစ် တင်မြှောက်လိုက်တဲ့နောက် သူ့ကို ၁၉၉၈ ခုနှစ်ကနေ ၂၀၀၁ ခုနှစ်ထိ စစ်အစိုးရက ဖမ်းဆီး ထောင်ချထားခဲ့ပါတယ်။ နောက်ပိုင်းမှာ ALD ကို လက်ရှိ အမျိုးသားလွှတ်တော်ဒုဥက္ကဋ္ဌ ဦးအေးသာအောင်က ဦးဆောင်ခဲ့ပါတယ်။

၂၀၁၄ ခုနှစ်မှာတော့ ဒေါက်တာအေးမောင် ဦးဆောင်တဲ့ RNDP ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီနဲ့ ဦးအေးသာအောင် ဦးဆောင်တဲ့ ALD တို့ ပူးပေါင်းပြီး၊ ရခိုင်အမျိုးသားပါတီ ANP နာမည်နဲ့ ဖွဲ့စည်းလိုက်ပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲမှာတော့ နှစ်ပါတီပေါင်းထားတဲ့ ANP အနေနဲ့ ကိုယ်စားလှယ်လောင်းတွေ ပါဝင်ယှဉ်ပြိုင် ခဲ့တဲ့အတွက် ပြည်ထောင်စုလွှတ်တော်မှာ ၂၅၊ ပြည်နယ်လွှတ်တော်မှာ ၂၂ နေရာရထားပါတယ်။ ၂၀၁၇ ခုနှစ် မှာတော့ ANP ပါတီကနေ ALD ပါတီက ပြန်ထွက်လိုက်ပြီး သီးခြားပြန်တည်ထောင်ခဲ့ပါတယ်။

ရွေးကောက်ပွဲကော်မရှင်ဥပဒေအရ ပါတီတစ်ခုမှာ တရားဝင်ရှိနေတဲ့သူဟာ နောက်ပါတီတခုကိုယ်စားပြုပြီး ရွေးကောက်ပွဲဝင်ခွင့်မပြုဘူးလို့ ပြဌာန်းထားပါတယ်။ ဒီအတွက် ၂၀၁၅ ရွေးကောက်ပွဲမှာ ANP ပါတီကိုယ်စားလှယ် ဖြစ်နေပြီး၊ ၂၀၁၇ ခုနှစ်ပါတီ နှစ်ခုပြန်ဖြစ်တဲ့အချိန်မှာ ALD ဘက်ပြန်လိုက်သွားတဲ့သူတွေကို၊ ANP ပါတီကနေ ထွက်ခွင့်မပြုသေးတာကြောင့် လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ ပြန်ဝင်မယ့် လက်ရှိကိုယ်စားလှယ်တွေကိစ္စ အတွက် နှစ်ဖက်မပြေလည်တဲ့ အခြေအနေရှိနေပါတယ်။

ဒါကြောင့် ALD ပါတီကိုယ်စားပြုပြီး ရွေးကောက်ပွဲဝင်ခွင့်မရတဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ထုမေ ကတော့၊ ရန်ကုန်တိုင်းက ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးနေရာမှာ တသီးပုဂ္ဂလအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပြီး၊ သူ့အောင်နိုင်ရေးအတွက် ALD ပါတီက ဝန်းရံသွားမယ်လို့ ပါတီအောင်နိုင်ရေးကော်မတီဥက္ကဋ္ဌ ဦးဦးလှမြင့် က ပြောပါတယ်။

ရခိုင်အမျိုးသားပါတီ ANP ကတော့ ရခိုင်ပြည်နယ်ထဲက မြို့နယ် ၁၇ မြို့နယ်လုံးမှာရှိတဲ့ မဲဆန္ဒနယ်မြေတိုင်းမှာ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်လို့ စုစုပေါင်းကိုယ်စားလှယ်လောင်း ၆၃ ဦး ရှိပြီး၊ သြဂုတ်လ ၂ ရက် မနေ့က သူတို့ပါတီရဲ့ ကိုယ်စားလှယ်လောင်းအမည်စာရင်းထုတ်ပြန်ခဲ့ပါတယ်။ လက်ရှိပြည်ထောင်စုအဆင့် လွှတ်တော်ကိုယ်စားလှယ်တွေဖြစ်တဲ့ ဦးဖေသန်းနဲ့ ဒေါ်ခင်စောဝေတို့လည်း ANP ပါတီကနေ ရွေးကောက်ပွဲပြန်ဝင် ကြမှာဖြစ်ပါတယ်။

RNDP ကို ဦးဆောင်တည်ထောင်ခဲ့တဲ့ထဲမှာပါဝင်ပြီး လွှတ်တော်ကိုယ်စားလှယ်ဖြစ်ခဲ့တဲ့ လက်ရှိနိုင်ငံရေး အကျဉ်းသား ဒေါက်တာအေးမောင်ကလည်း ANP ပါတီကနေခွဲပြီး Arakan Front Party ရခိုင့်ဦးဆောင်ပါတီဆိုပြီး တည်ထောင်ထားပါတယ်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။