တစ်ရှူးငှက်ပျော စိုက်ပျိုးမှု ဒေသခံတောင်သူတွေ ကန့်ကွက်

2018.02.03
tissue-banana-protest-622 တရုတ်တစ်သျှူးငှက်ပျော စိုက်ပျိုးမှုကိုကန့်ကွက်ကြောင်း မြစ်ကြီးနားမြို့မှာ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ ၃ ရက်နေ့က ဆန္ဒထုတ်ဖော်စဉ်
Photo: Kyaw Myo Min/RFA

ကချင်ပြည်နယ် မြစ်ကြီးနားနဲ့ ဝိုင်းမော်မြို့နယ်က ရွာတွေအနီးမှာ တရုတ်လုပ်ငန်းရှင်တွေက မြေတွေသိမ်းယူပြီး တရုတ်တစ်ရှူးငှက်ပျောတွေ စိုက်ပျိုးနေတာကို ဖြေရှင်းဆောင်ရွက်ပေးဖို့ ဒေသခံတောင်သူ အယောက် ၂ ရာကျော်က ဒီကနေ့ မြစ်ကြီးနားမြို့မှာ ဆန္ဒပြတောင်းဆိုကြပါတယ်။

အဲဒီလိုတရုတ်နိုင်ငံသား လုပ်ငန်းရှင်တွေ ဝင်ရောက်လုပ်ကိုင်လာတာကြောင့် ဒေသခံတွေ အလုပ်အကိုင် ဆုံးရှုံးတာ၊ ဒေသခံအမျိုးသမီးတွေလည်း တရုတ်နိုင်ငံသားတွေနဲ့ အိမ်ထောင်ကျတာတွေအပြင် တခြား လူမှုရေးပြဿနာတွေ လည်း ရှိနေတယ်လို့ ဆန္ဒပြသူတွေက ပြောကြပါတယ်။

ဆန္ဒပြတောင်သူတွေနဲ့ ရွာသားတွေက နိုင်ငံခြားသားတွေ ဝင်ရောက်စိုက်ပျိုးတာကို အလိုမရှိကြောင်း ၊ ဒေသခံပြည်သူတွေအတွက် အကျိုးမရှိတဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို အလိုမရှိကြောင်း၊ ကုမ္ပဏီကြီးတွေ စိုက်ပျိုးမြေ အမြောက်အများပိုင်ဆိုင်မှုရှိနေတာကို အလိုမရှိကြောင်း ကြွေးကြော်ခဲ့ကြပါတယ်။

ဒါ့အပြင် အကျင့်ပျက်ဝန်ထမ်းတွေ အရေးယူပေးဖို့၊ မြေယာပြဿနာတွေကို အမြန်ဆုံးညှိနှိုင်းဖြေရှင်းပေးဖို့နဲ့ တရားမဝင် မြေရောင်းသူတွေကို အရေးယူပေးဖို့ ဗီနိုင်းပိုစတာတွေလည်း ကိုင်ဆောင်ခဲ့ကြပါတယ်။

ကချင်ပြည်နယ် အစိုးရအဖွဲ့က ပြီးခဲ့တဲ့နှစ် မေလအတွင်းပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ တစ်ရှူးငှက်ပျော စိုက်ခင်းဧက သောင်းဂဏန်းရှိတယ်လို့ ပြောဆိုထားပြီး၊ ဒေသခံတောင်သူနဲ့ ရွာသားတွေကတော့ တရုတ် တစ်ရှူးငှက်ပျောစိုက်ဧက သိန်းချီရှိနိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။

ဒီကနေ့ ဆန္ဒပြပွဲကို တာလောကြီး၊ စံကင်း၊ ခေါင်ဖူး၊ ရွာသစ်နဲ့ ဝိုင်းမော်မြို့နယ်က ဆိုင်လော်၊ မန်ဝိန်း၊ ဟိုးတုံ၊ ရွှေညောင်ပင်၊ နောင်တာလော စတဲ့ မြစ်ကြီးနားနဲ့ ဝိုင်းမော်မြို့နယ်က ဒေသခံတွေနဲ့ တောင်သူတွေ ပါဝင်ခဲ့ကြတာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။