တပ်မတော်က စခန်းသစ်တွေ တိုးချဲ့လာကြောင်း TNLA ထုတ်ပြန်


2019.01.05
govt-army-622.jpg ရှမ်းပြည်နယ်အတွင်းက တပ်မတော်သားတချို့ကို တွေ့ရစဉ်
Photo: Kan Thar/RFA

စစ်တိုင်း ငါးခုမှာ ၄ လကြာ အပစ်ရပ်ကြောင်း မြန်မာ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်အပြီး ၁၅ ရက်အကြာမှာ တအာင်းဒေသမှာ တပ်မတော်စခန်းသစ်တွေ တိုးချဲ့လာတာတွေရှိတဲ့အပေါ် ကန့်ကွက်ရှုတ်ချကြောင်း တအောင်း လွတ်မြောက်ရေးတပ်မတော် TNLA က မနေ့က ရက်စွဲနဲ့ ထုတ်ပြန်လိုက်ပါတယ်။

မြန်မာ့တပ်မတော် ရှေ့တန်းတပ်မ ၄ ခုက တအောင်းလွတ်မြောက်ရေးတပ်မတော် လှုပ်ရှားနေတဲ့ ဒေသတွေ ဖြစ်တဲ့ နမ့်ဆန်၊ မန်တုံ၊ နမ္မတူ၊ ကျောက်မဲ၊ ကွတ်ခိုင်နဲ့ နမ့်ခမ်း တပ်စခန်းအသစ်တွေ တိုးချဲ့လာတာတွေရှိနေပြီး အပစ်ရပ်ကြောင်း ကြေညာပြီးနောက်ပိုင်း တပ်စခန်းသစ် ၁၂ ခုထိ တိုးချဲ့လာတဲ့အတွက် ဒေသခံတွေ စိုးရိမ်နေကြကြောင်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်က တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းထွဋ်လေး က တပ်မတော်အနေနဲ့ တပ်စခန်းသစ်တွေ တိုးချဲ့နေရာယူတာမျိုး မရှိကြောင်း ယခင် တပ်စခန်းတွေထားတဲ့ နေရာက တပ်တွေကို ပြန်လည်ဆုတ်ခွာပြီး ပြန်လည်စုစည်းတာဖြစ်ကြောင်း တပ်စခန်းသစ် တိုးချဲ့တာမျိုးမရှိကြောင်း ပြောပါတယ်။

တပ်မတော် စစ်စခန်းသစ်တွေကို မတိုးချဲ့ဖို့ နေရာယူပြီးသား စစ်စခန်းတွေကိုလည်း ပြန်လည်ရုပ်သိမ်းပေးဖို့ တအောင်းလွတ်မြောက်ရေးတပ်မတော် TNLA က ထုတ်ပြန်တောင်းဆိုထားပြီး တိုက်ပွဲထိတွေ့မှုတွေ ဖြစ်ပေါ်လာခဲ့မယ်ဆိုရင် မြန်မာ့တပ်မတော်ရဲ့ တာဝန်သာဖြစ်ကြောင်း ထုတ်ပြန်ချက်မှာ ပါဝင်ပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုအောင်သိင်္ခ ပေးပို့တာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။