ရွေးကောက်ပွဲကြောင့် အပစ်ရပ်ကြေညာထားကြောင်း TNLA ပြော

အောင်သိင်္ခ
2020.09.02

ငြိမ်းချမ်းရေးဆွေးနွေးမှု ပိုမိုအဆင်ပြေဖို့၊ ၂၀၂၀ ရွေးကောက်ပွဲကို အထောက်အကူပြုနိုင်ဖို့နဲ့ ကိုရိုနာဗိုင်းရပ်စ် ထိန်းချုပ်နိုင်ရေး အောင်မြင်နိုင်ဖို့ မြောက်ပိုင်းမဟာမိတ် သုံးဖွဲ့ဖြစ်တဲ့ ရက္ခိုင့်တပ်တော် AA၊ တအာင်း လွတ်မြောက်ရေး တပ်မတော် TNLA နဲ့ ကိုးကန့်အဖွဲ့တွေက စက်တင်ဘာ ၁ ရက်နေ့ကနေ နိုဝင်ဘာ ၉ ရက်နေ့ အထိ အပစ်ရပ်သက်တမ်း တိုးမြှင့်လိုက်ပါတယ်။

မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေက အပစ်ရပ်ကာလကို ရွေးကောက်ပွဲအပြီး နိုဝင်ဘာလ ၉ ရက်နေ့အထိ သက်တမ်းတိုးလိုက်တာဟာ ပြည်သူတွေ မဲပေးခွင့်ရအောင် ဆောင်ရွက်တာလို့ TNLA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး မိုင်းအိုက်ကျော်က RFA ကို ပြောပါတယ်။

ရွေးကောက်ပွဲနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အပါအဝင် ကိုရိုနာဗိုင်းရပ်စ် ထိန်းချုပ်နိုင်ဖို့အတွက် မြောက်ပိုင်း မဟာမိတ် သုံးဖွဲ့က အပစ်ရပ် သက်တမ်း တိုးလိုက်တာဟာ ရှမ်းပြည်နယ်နဲ့ ကချင်ပြည်နယ်ဘက်မှာ တိုက်ပွဲလျော့သွားနိုင်ပေမယ့် ရခိုင်ပြည်နယ်မှာတော့ လျော့ဖို့ မရှိလောက်ဘူးလို့ ရန်ကုန်အခြေစိုက် ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးဆိုင်ရာ မြန်မာအင်စတီကျု (MIPS) အမှုဆောင်ဒါရိုက်တာ ဦးမင်းဇော်ဦးက  ပြောပါတယ်။

ပြီးခဲ့တဲ့ သြဂုတ် ၂၄ ရက်နေ့ကလည်း တပ်မတော်ဘက်က စက်တင်ဘာ ၁ ရက်နေ့ကနေ ၃၀ ရက်နေ့ အထိ အပစ်ရပ်သက်တမ်း တိုးထားပေမယ့် နိုင်ငံတော်အစိုးရက အကြမ်းဖက် အဖွဲ့အစည်းအဖြစ် ကြေညာထားတဲ့ ရက္ခိုင့်တပ်တော် AA ရှိတဲ့ နယ်မြေတော့ မပါဝင်ခဲ့ပါဘူး။

မြောက်ပိုင်းအဖွဲ့တွေအနေနဲ့ အပစ်ရပ်သက်တမ်းတိုး ကြေညာချက်နဲ့အညီလုပ်ဆောင်ဖို့ လိုအပ်ပြီး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် NCA လမ်းကြောင်းပေါ်ကို တက်လာဖို့ လိုအပ်တယ်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောပါတယ်။

မြောက်ပိုင်းမဟာမိတ် သုံးဖွဲ့ရဲ့ မနေ့က အပစ်ရပ်ကြေညာချက်ဟာ နှစ်ဘက်တွေ့ဆုံ ညှိနှိုင်းနိုင်ဖို့၊ ကိုရိုနာဗိုင်းရပ်စ် ထိန်းချုပ်ကာကွယ်ရေးလုပ်ငန်းတွေကို အထောက်အကူပြုဖို့အတွက် ထုတ်ပြန်တာဖြစ်တယ်လို့ ပြောထားပါတယ်။ ငြိမ်းချမ်းရေး ဆွေးနွေးဖို့အတွက် တရုတ်နိုင်ငံက ကူညီပေးဖို့ကိုလည်း မေတ္တာရပ်ခံထားပါတယ်။

နှစ်ဘက်တပ်တွေအနေနဲ့ ယာယီအပစ်ရပ်သက်တမ်းတွေ တိုးမြှင့်တယ်ဆိုတဲ့ ထုတ်ပြန်ချက်တွေ ထုတ်နေပေမယ့် တိုက်ပွဲတွေ ဆက်ရှိနေပါတယ်။ တိုင်းရင်းသားအရေး လေ့လာသုံးသပ်တဲ့ ရန်ကုန်မြို့က ဦးမောင်မောင်စိုးက နှစ်ဘက်တပ်တွေဟာ အပစ်ရပ်သက်တမ်းကို တစ်ဖက်သတ် တိုးနေမယ့်အစား နှစ်ဘက်သဘောတူညီမှုနဲ့ ရပ်တန့်ထားမယ်ဆိုရင်တော့ ငြိမ်းချမ်းရေး ဖော်ဆောင်ဖို့အတွက် ပိုကောင်းလာနိုင်တယ်လို့ ပြောပါတယ်။

မြောက်ပိုင်းမဟာမိတ် သုံးဖွဲ့ဆိုရင် ရက္ခိုင့်တပ်တော် AA လည်း ပါဝင်တဲ့အတွက် အစိုးရအနေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးနေရာမှာ AA ကို မချန်ထားရင် ပိုကောင်းမယ်လို့ ငြိမ်းချမ်းရေး ဆွေးနွေးရေး အကျိုးဆောင်အဖွဲ့ PCG က ဦးလမိုင်ဂွန်ဂျာက ပြောပါတယ်။

မြောက်ပိုင်းမဟာမိတ် သုံးဖွဲ့က တစ်ဖက်သတ် အပစ်ရပ်ထုတ်ပြန်ထားတာ အခုဆို ၇ ကြိမ်မြောက် ရှိနေပေမယ့် မြောက်ပိုင်းအဖွဲ့တွေရှိတဲ့ ဒေသမှာတော့ ထိတွေ့တိုက်ပွဲ ဖြစ်တတ်ပြီး  ရခိုင်ပြည်နယ်မှာတော့ ကပ်ဘေးကာလအတွင်းမှာတင် တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။