ရှမ်းနဲ့ တအာင်းလူမျိုးတွေ ချစ်ခင်စွာနေထိုင်ကြဖို့ TNLA တိုက်တွန်း


2016.05.29
tnla-620.jpg TNLA တပ်မဟာ၂ ဒေသအတွင်းက တပ်သားတချို့ကို တွေ့ရစဉ်
Photo: Kan Thar/ RFA

တအာင်းလူမျိုးနဲ့ ရှမ်းလူမျိုးအကြား လူမျိုးရေးပဋိပက္ခတွေ မဖြစ်အောင် ဒေသခံပြည်သူအချင်းချင်း ချစ်ခင်ရင်းနှီးစွာဆက်ဆံနေထိုင်ကြဖို့ ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး PSLF/TNLA က တိုက်တွန်းလိုက်ပါတယ်။

မနေ့က ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့မှာ ဒေသခံရှမ်းလူမျိုး တစ်ထောင်ကျော်က TNLA ကို ဆန့်ကျင်တဲ့ဆန္ဒပြပွဲကျင်းပခဲ့တဲ့အပေါ် ကြေညာချက် ထုတ်ပြန်တိုက်တွန်းလိုက်တာဖြစ်ပါတယ်။ တအာင်းနဲ့ ရှမ်းလူမျိုးတွေအကြား ပဋိပက္ခတွေမဖြစ်စေဖို့အတွက် တိုက်တွန်းလိုတာဖြစ်တယ်လို့ TNLA က ဗိုလ်မှုးကြီးမိုင်းဖုန်းကျော်က ပြောပါတယ်။

"ကျောက်မဲမှာရှိနေတဲ့ ရှမ်းပြည်သူလူထုတွေကတော့ RCSS ကပြောထားတာတွေရှိတော့ သူတို့အနေနဲ့ ဆန္ဒပြတာပေါ့၊ သူတို့ဆန္ဒပြပိုင်ခွင့်ရှိပါတယ်၊ ဒါပေမယ့် ကျနော်တို့စိုးရိမ်တာက ကျနော်တို့ တအာင်းလူမျိုးတွေက မခံမရပ်နိုင်ဖြစ်ပြီးတော့ အခြေအနေပိုရှုပ်သွားမှာစိုးလို့ ကျနော်တို့ဖက်ပဲ သဘောထားထုတ်ပြန်ချက် ထုတ်ပြီးတော့မှာ ကျနော်တို့လူထုတွေကို နားမရောင်ဖို့၊ တစ်ဖက်နဲ့ တစ်ဖက်ပြဿနာတွေပိုရှုက်လာရင် နိုင်ငံရေးအရဖြေရှင်းရတာပိုခက်နိုင်တယ်၊ ရှမ်းပြည်သူလူထုတွေက သူတို့သွေးပူနေတဲ့အချိန်ဖြစ်တယ်၊ သတင်းအမှန်မရတဲ့အချိန်ဖြစ်နေတယ်၊ အချိန်တန်ရင်တော့ ဒါတွေကပြေလည်သွားမှာပါ"

ရှမ်းပြည်မြောက်ပိုင်းဖက်မှာ TNLAနဲ့ RCSS/SSA အဖွဲ့တို့ တိုက်ပွဲတွေ ဖြစ်ခဲ့ရာမှာ TNLA အဖွဲ့က ရှမ်းတိုင်းရင်းသားတွေအပေါ် ဖိနှိပ်တာတွေ၊ လူ့အခွင့်အရေး ချိုးဖောက်တာတွေ ရှိနေတယ်ဆိုပြီး မနေ့က ဆန္ဒပြကြတာဖြစ်ပါတယ်။

နမ့်ခမ်းမြို့နယ် မိုင်းဝီးဒေသ ဟိုပန်ကျေးရွာမီးလောင်မှုဟာ TNLAက ရှိ့တာ မဟုတ်ကြောင်းနဲ့ အစိုးရ တပ်မတော်နဲ့ တိုက်ပွဲဖြစ်နေစဉ်မှာ မီးလောင်ကျွမ်းခဲ့ တာဖြစ်ကြောင်း ၊ ဒါ့အပြင် ညောင်မောင်း ဆရာတော်နဲ့ ဒေသခံတွေ TNLAက သတ်တယ်ဆိုပြီး သတင်းတွေထွက်နေတဲ့အတွက် ဆရာတော်နဲ့ ဒေသခံတွေကို TNLA အဖွဲ့က သတင်းမီဒီယာတွေနဲ့အတူ သွားရောက်တွေ့ဆုံခဲ့ကြောင်းလည်း ထုတ်ပြန်ကြေညာချက်မှာ ရှင်းပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။