ကမ်းရိုးတန်း ဝင်ရောက်စဉ် မဟာစင် အားပျော့ဖွယ်ရှိ


2013-05-13
Share
mahasen-305.jpg wunderground မှာ ဖော်ပြထားတဲ့ အပူပိုင်း ဆိုင်ကလုန်းမုန်တိုင်း မဟာဆန် သတင်းဓာတ်ပုံ
photo: wunderground

ရခိုင်ကမ်းရိုးတန်းကို တိုက်ခတ်လာမယ်လို့ ခန့်မှန်းထားတဲ့ မဟာစင် ဆိုင်ကလုန်းမုန်တိုင်းဟာ ရခိုင်ကမ်းရိုးတန်းကို ဝင်ရောက်တဲ့အခါ အားပျော့သွားဖွယ်ရှိကြောင်း မိုးလေဝသပညာရှင် ဦးထွန်းလွင်က ခန့်မှန်းပြောဆိုပါတယ်။

မုန်တိုင်းတိုက်ခတ်မှု ခန့်မှန်းချက်ကို မိုးလေဝသပညာရှင် ဒေါက်တာဦးထွန်းလွင်က RFA ကို ပြောပါတယ်။

“ပထမတစ်နေ့ကတော့ နည်းနည်းအားလျော့သွားတယ်၊ မနေ့ညက အားပြန်ပျိုးတယ်၊ အခုလည်းအားရှိတဲ့ မုန်တိုင်းအဆင့်တစ်ခုရှိပါတယ်၊ လက်ရှိမှာ တစ်နာရီ လေ ၆ဝ၊ ၇ဝ နှုန်းလောက်တိုက်နေပါတယ်၊ ဒီလိုကွေ့ပြီးတော့ အရှေ့မြောက်ဘက်ကိုဝင်မယ့် နန်းဖောပွိုင့်ပေါ့နော်၊ အဲဒီပွိုင့်ကတော့ စတေးလ် ဘင်္ဂလားဒေ့ရှ် စစ်တစ်ကောင်းပါပဲ၊ ဒါပေမယ့် သူကသွားရင်းနဲ့ အားပိုကောင်းလာမယ်၊ အားပိုကောင်းလာပြီးတော့ မြန်မာပြည်ဘက်၊ ဘင်္ဂလားဒေ့ရှ်ဘက်ကို ကပ်လာတဲ့အခါမှာ လေတိုက်နှုန်းက ၁ဝဝ ကျော်အထိရှိလာနိုင်ပါတယ်၊ ဒီနေ့မနက်မှာတော့ ကမ်းအဝင်လေးမှာ အားလျော့သွားနိုင်တယ်ဆိုတဲ့ အနေအထားလေးကိုတွေ့ရတယ်၊ တစ်နည်းပြောရင်တော့ နည်းနည်းသက်သာရာရနိုင်တယ်ပေါ့၊ ဒါလေးကနောက်ဆုံးတွေ့ရှိချက်ပါ”

လက်ရှိမှာတော့ မုန်တိုင်းတိုက်ခတ်မှုဟာ တစ်နာရီ လေတိုက်နှုန်း ၅၀ ကနေ ၆၀ ပတ်ဝန်းကျင်ရှိနေတယ်လို့ဆိုပါတယ်။ ဒါပေမယ် အခုတွေ့ရှိချက်ဟာ ကြိုတင်ခန့်မှန်းချက်တွေဖြစ်ပြီး မုန်တိုင်းအခြေအနေဟာ အချိန်နဲ့အမျှ အပြောင်းအလဲတွေ ဖြစ်ပေါ်နိုင်တယ်လို့လည်း သတိပေးပါတယ်။ ဒီအတောအတွင်း ရခိုင်ကမ်းရိုးတန်းဒေသဖက်ကို တိုက်ခတ်မယ့် မဟာစင် မုန်တိုင်းရန်ကို ရှောင်နိုင်ဖို့ စစ်တွေမြို့အနီးက ဒုက္ခသည်စခန်းတွေကို ရွှေ့ပြောင်းနေသလို ဘင်္ဂလားဒေ့ရ်ှ မြန်မာနယ်စပ်အနားမှာရှိတဲ့ မောင်တောဒေသက ဒုက္ခသည်စခန်းတွေကိုလည်း ဘေးလွတ်ရာကို စတင်ရွှေ့ပြောင်းနေပြီလို့ ဒေသဆိုင်ရာ အာဏာပိုင်တွေက ပြောပါတယ်။

ရခိုင်ပြည်နယ် အစိုးရကလည်း မုန်တိုင်းဒဏ် ကြိုတင်ကာကွယ်နိုင်ရေးနဲ့ စားနပ်ရိက္ခာ အထောက်အပံ့ ပေးနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်နေပါတယ်။

ဘင်္ဂလားပင်လယ်အော်က မဟာစင် ဆိုက်ကလုန်းမုန်တိုင်းဟာ ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနိုင်ငံ အနောက်ပိုင်းကို ဦးတည်လာနေတဲ့အတွက် မြေနိမ့်ဒေသတွေမှာ အခြေစိုက်ထားတဲ့ ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွေမှာ လူသားချင်းစာနာမှုဆိုင်ရာ ပြဿနာတွေဖြစ်လာနိုင်တယ်လို့ နိုင်ငံတကာ အဖွဲ့အစည်းတွေက စိုးရိမ်နေကြပါတယ်။

ဒီဒုက္ခသည်စခန်းအများစုဟာ မြေနိမ့်ကမ်းခြေဒေသတွေမှာရှိပြီး ပင်လယ်ရေ အချိန်မရွေး လွှမ်းသွားနိုင်တဲ့ အနေထားရှိပါတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှု အကူညီပေးရေးအဖွဲ့ UNOCHA က ပြောပါတယ်။ စစ်တွေ၊ ပေါက်တော၊ မြေပုံ၊ ကျောက်တော်စတဲ့ ဒုက္ခသည်စခန်းတွေမှာ ရိုဟင်ဂျာဒုက္ခသည် ၄ သောင်းခွဲခန့်ရှိပြီး ဒီဒုက္ခသည်တွေဟာ ဒုက္ခအရောက်နိုင်ဆုံး အခြေနေရှိတယ်လို့ သိရပါတယ်။

ဘင်္ဂလားဒေ့ရှ်ဖက်မှာ အရေးပေါ်ကာကွယ်ရေး၊ ကယ်ဆယ်ရေးနဲ့ လုပ်အားပေးဝန်ထမ်းတွေ အသင့်ရှိနေပြီး Cox’s Bazaar ခရိုင်မှာ တံငါသည်တွေ ပင်လယ်ပြင်မထွက်ကြဖို့ အာဏာပိုင်တွေက သတိပေးတာတွေရှိတယ်လို့ UNOCHA ဘင်္ဂလားဒေ့ရှ်ဌာနက လက်ထောက် ကော်မရှင်နာက ပြောပါတယ်။

မုန်တိုင်းကြောင့် ရေကြီးရေလျှံမယ့်သတင်းတွေကို ဘင်္ဂလားဒေ့ရှ် သတင်းမီဒီယာတွေမှာ ဖော်ပြနေသလို ထိုင်းနိုင်ငံအောက်ပိုင်းမှာလည်း ရေကြီးတာတွေဖြစ်နိုင်လို့ သတိပေးချက်တွေ ဒီကနေ့ ထိုင်းသတင်းမီဒီယာတွေမှာ ရေးသားဖော်ပြထားပါတယ်။

မဟာစင်မုန်တိုင်း မကြာခင်ရက်ပိုင်းအတွင်း ရခိုင်ကမ်းရိုးတန်းဒေသကို တိုက်ခတ်လာနိုင်ဖွယ်ရှိတဲ့အတွက် ဒေသခံတွေအတွက် ကြိုတင်ပြင်ဆင်ရေးဆိုင်ရာ ကိစ္စရပ်တွေကို ပြည်နယ်အစိုးရက စစ်တွေမြို့မိမြို့ဖတွေ၊ နိုင်ငံရေးပါတီတွေနဲ့ ဒီကနေ့မနက်ပိုင်းက ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံးမှာ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

ဆိုက်တခုလုံးသို့