မရမ်းကုန်းမြို့နယ်က ဗိုလ်ချုပ်ကြီးဟောင်းတစ်ဦးရဲ့အိမ်နားအပါအဝင် ဗုံးနှစ်ကြိမ်ပေါက်
၂ဝ၂၂ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့က ရန်ကုန်မြို့တွင်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ကင်းလှည့်နေစဉ်။
ရန်ကုန်တိုင်း မရမ်းကုန်းမြို့နယ်မှာ သြဂုတ်လ ၁၆ ရက် မနေ့ညပိုင်းက ဗိုလ်ချုပ်ကြီးဟောင်း သီဟသူရ တင်အောင်မြင့်ဦးရဲ့ အိမ်နားနဲ့ အမှတ် (၁) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွေမှာ ပေါက်ကွဲတွေ ဖြစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပေါက်ကွဲမှုတစ်ခုဟာ ဗိုလ်ချုပ်ကြီးဟောင်း သီဟသူရ တင်အောင်မြင့်ဦးရဲ့ နေအိမ်အနားလို့ ပြောပေမယ့် RFA အနေနဲ့ သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးသလို ထိခိုက်မှုကိုလည်း တိတိကျကျ မသိရသေးပါဘူး။
မရမ်းကုန်းမြို့နယ်မှာနေထိုင်တဲ့ လုံခြုံရေးအရ အမည်မဖော်လိုသူ ဒေသခံတစ်ဦးကလည်း ပေါက်ကွဲသံ ကြားခဲ့ရတယ်လို့ RFA ကို အတည်ပြုပါတယ်။
“အသံကတော့ တော်တော်ကျယ်တယ်။ ရှေ့ဆင့်နောက်ဆင့်ပဲ။ သိပ်မကြာဘူး စစ်ကားသုံးစီး ရောက်လာတယ်။ သွားတော့ မကြည့်ရဲဘူး ”
ဒီဖောက်ခွဲမှုကို အမျိုးသားညီညွတ်ရေး တပ်ပေါင်းစုအဖွဲ့ဝင်တွေဖြစ်တဲ့ Myanmar Independence Unit (MIU) နဲ့ Marauder Front Five (MFF) နဲ့ Secret Underground Force (SUF) အဖွဲ့တို့က ပူးပေါင်းပြီး သတိပေးတဲ့အနေနဲ့ လုပ်ဆောင်ခဲ့လို့ လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ ထုတ်ပြန်ထားကြပါတယ်။
အာဏာသိမ်းပြီးနောက်ပိုင်း ပြီးခဲ့တဲ့နှစ်ကလည်း စစ်ကောင်စီရဲ့ မရမ်းကုန်းမြို့နယ် (၁) ရပ်ကွက် အုပ်ချုပ်ရေးမှူး ရုံးမှာ ပစ်ခတ်မှုဖြစ်ခဲ့ပြီး စစ်ကောင်စီခန့် အုပ်ချုပ်ရေးအဖွဲ့ဝင် သုံးဦး သေဆုံးခဲ့ပါတယ်။









