ထားဝယ်က ညီအစ်ကိုနှစ်ဦး ထောင်ဒဏ် ၁၂ နှစ်စီချမှတ်ခံရ

2022.03.15
ထားဝယ်က ညီအစ်ကိုနှစ်ဦး ထောင်ဒဏ် ၁၂ နှစ်စီချမှတ်ခံရ ထောင်ဒဏ်ချခံရသူ ကိုဆက်မိုင်စိုးနဲ့ ကိုပိုင်ခန့်ဇော်
Photo - DPPN

တနင်္သာရီတိုင်း၊ ထားဝယ်မြို့မှာ စစ်အာဏာဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြတဲ့ လူငယ်နှစ်ဦးကို ထားဝယ် ထောင်တွင်းတရားရုံးကနေ အလုပ်နဲ့ ထောင်ဒဏ် ၁၂ နှစ်စီ မတ်လ ၁၄ ရက် မနေ့က ချမှတ်လိုက်တယ်လို့ ထားဝယ်နိုင်ငံရေးအကျဉ်းသားများ ကွန်ရက် (DPPN) က ထုတ်ပြန်ပါတယ်။

ထောင်ဒဏ်ချခံရသူတွေကတော့ အသက် ၁၉ နှစ်အရွယ် ကိုပိုင်ခန့်ဇော်နဲ့ အသက် ၂၄ နှစ်အရွယ် ကိုဆက်မိုင်စိုးတို့ဖြစ်ပြီး သူတို့ဟာ ညီအစ်ကိုတွေလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် မေလ ၁၁ ရက်နေ့က သပိတ်စစ်ကြောင်းမှာ ပါဝင်ခဲ့ပြီးနောက် ထားဝယ်မြို့ ကျောက်မော်ကြီးရပ်ကွက်က နေအိမ်မှာ ဖမ်းဆီးခံခဲ့ရပြီး တစ်နှစ်နီးပါးကြာမှ အခုလို အပြီးသတ် အမိန့်ချခဲ့တာလို့ DPPN ကပြောပါတယ်။

သူတို့ကို ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅(က)၊ ၅၀၅(ဂ)၊ ၁၄၅၊ ပေါက်ကွဲပုဒ်မ ၃/၅ စတဲ့ပုဒ်မတွေတပ်ပြီး အရေးယူခဲ့တာဖြစ်ပါတယ်။

ဒီညီအကိုနှစ်ယောက်နဲ့ တချိန်တည်းဖမ်းဆီးခံရသူ အသက် ၂၀ အရွယ် ကိုဟိန်းမင်းကိုကို (ခ) ဟိန်းလွင်ထူးကိုလည်း ထားဝယ်ထောင်တွင်းတရားရုံးက အလုပ်နဲ့ထောင်ဒဏ် ၂၈ နှစ် ချမှတ်ထားတာဖြစ်ပါတယ်။

ထားဝယ်အကျဉ်းထောင်မှာ ဖမ်းဆီးထောင်ချခံထားရတဲ့ ယောက်ျားလေး အယောက် ၁၅ဝ ကျော်နဲ့ မိန်းကလေး အယောက် ၃၀ ကျော် ရှိတယ်လို့ ထားဝယ်နိုင်ငံရေးအကျဉ်းသားများ ကွန်ရက် တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

အများစုဟာ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ (က)၊ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ - ၅၂ (က) တို့နဲ့ တရားစွဲခံထားရသူတွေပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။