ကိုရိုနာတွေ့တဲ့ ရန်ကုန်နဲ့ချင်းပြည်နယ် နေရာတချို့ကို သီးခြားစောင့်ကြည့်

ဝေယံမိုးမြင့်
2020.03.24

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံနေရသူ ချင်းအမျိုးသား ဧည့်ခံပွဲလုပ်ခဲ့တဲ့ ချင်းပြည်နယ် တီးတိန်မြို့နယ်ထဲက ရွာတစ်ရွာကို အစိုးရက ဒီနေ့မှာပဲ ပြင်ပနဲ့ ကူးလူးဆက်သွယ်မှု ဖြတ်တောက်လိုက်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ နှစ်ဦးရှိနေပြီလို့ ကျန်းမာရေးဝန်ကြီးဌာနက မတ်လ ၂၃ ရက်နေ့ ညမှာ ကြေညာ ပြီးနောက် မတ် ၂၄ ရက်နေ့ မနက်ပိုင်းမှာပဲ ကူးစက်ခံရသူတစ်ဦးဖြစ်တဲ့ ချင်းအမျိုးသား ဧည့်ခံပဲလုပ်ခဲ့တဲ့ တီးတိန်မြို့နယ်ထဲက ရွာတစ်ရွာကို အဆက်သွယ်ဖြတ်တောက်လိုက်ပြီလို့ ချင်းပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဦးဇိုဘွဲ က ပြောပါတယ်။

သူနဲ့ ထိတွေ့ခဲ့တဲ့သူတွေ အားလုံးကိုလည်း စောင့်ကြည့် လူနာအနေနဲ့ သတ်မှတ်ထားကြောင်းနဲ့၊ ကလေး-တီးတိန်၊ တီးတိန် -ကပ်တိလ် ကားလိုင်းတွေကို ဒီနေ့က စပိတ်လိုက်ပြီး ကားဂိတ်တာဝန်ရှိသူတွေနဲ့  ယာဉ်မောင်း တွေကိုလည်း စောင့်ကြည့်စစ်ဆေးနေတယ် ဦးဇိုဘွဲက ပြောပါတယ်။

တစ်ချိန်တည်းမှာပဲ နိုင်ငံတော် သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးကလည်း တီးတိန်နဲ့ စစ်ကိုင်းဘက်က စိုးရိမ်တကြီးနဲ့  ဆင်းလာကြသူတွေကို ကန့်သတ်ထားပြီလို့   သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားထား ပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ သွားလာခဲ့တဲ့ တီးတိန်မြို့မှာတော့ ဆိုင်တွေ ရုတ်တရက်ပိတ်ကုန်လို့ ဆန်ဈေးတွေတက်ပြီး အခက်အခဲကြုံနေရပြီလို့ တီးတိန်အခြေစိုက် ပရဟိတအဖွဲ့က စီအက်စ်မုန် က ပြော ပါတယ်။

ကျေးရွာကို ပိတ်လိုက်တဲ့အတွက် စားနပ်ရိက္ခာ ဝယ်ယူနိုင်ရေး ပြတ်လပ်မှုမရှိအောင် စီစဉ်ပေးထားတယ်လို့ ချင်းပြည်နယ် လူမှုရေးဝန်ကြီး ဦးပေါင်လွန်းမင့်ထန်က ပြောပါတယ်။

တီးတိန်မှာရောက်ရှိနေတဲ့သူဟာ အမေရိကန်ကနေ လေကြောင်းလိုင်းနဲ့ ၁၃ ရက်နေ့က ပြန်လာတာဖြစ်ပြီး ခြောက်ရက်အကြာမှာ နေမကောင်းလို့ ဆေးခန်းပြရာကနေ ဗိုင်းရပ်စ် ကူးစက်ခံထားရကြောင်း သိရှိခဲ့ရတာဖြစ် ပါတယ်။ အစိုးရက သတင်းထုတ်ပြန်ချိန်မှာ ၁၀ ရက်ကြာမြင့်ခဲ့ပါပြီ။

နောက်ထပ် ကိုရိုနာဗိုင်းရပ်စ်ကူးခံရတဲ့ နောက်တစ်ဦးက အင်္ဂလန်နိုင်ငံကနေ ပြန်လာခဲ့သူပါ။ သူ့ကို လက်ရှိ ရန်ကုန်က ဝေဘာဂီ ဆေးရုံမှာ စောင့်ကြည့်ကုသလျက်ရှိပါတယ်။ အဲဒီလူနာဟာ လှည်းကူးက အရှင်ဆေကိန္ဒရဲ့ ဓမ္မဒူတ တောရကျောင်းမှာ သီးခြားစောင့်ကြည့်ဖို့ထားချိန်မှာ ရန်ကုန်တိုင်းအစိုးရအဖွဲ့က လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းနဲ့ အနီးကပ်စကားပြောဆိုခဲ့သူဖြစ်တယ်လို့ ဝန်ကြီးက RFA ကို ပြောပါတယ်။

တီးတိန်မှာလိုပဲ မန္တလေး၊ ရန်ကုန်နဲ့ နေပြည်တော်က ဈေးဝယ်စင်တာကြီးတချို့မှာလည်း လူတွေပစ္စည်းတွေ စိုးရိမ်တကြီး ဝယ်ယူခဲ့ကြတာရှိပါတယ်။ နေအိမ်မှာသီးခြားနေရတဲ့ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းကတော့ လူထုတွေ မကြောက်လန့်ကြဖို့၊ ရန်ကုန်တိုင်းအစိုးရက ဆန်အိတ်တွေ အလုံလောက်ထားရှိတဲ့အကြောင်း ပြောပါတယ်။

လူနာ နှစ်ဦးဟာ လက်ရှိအချိန်မှာတော့ ကျန်းမာရေးကောင်းမွန်လျက်ရှိတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ မြန်မာနိုင်ငံမှာ စောင့်ကြည့်လူနာ ၂၁၂ ယောက်၊ သံသယလူနာ ၂ ယောက်၊  ကိုရိုနာ ဗိုင်းရပ်စ်တွေ့ သူ ၂ ယောက်နဲ့ ဗိုင်းရပ်စ်မတွေ့ဘဲ အခြားရောဂါဖြင့် သေဆုံးသူ ၁၃ ယောက်ရှိတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ မတ်လ ၂၄ ရက်နေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒီနေ့မတ် ၂၄ ရက်နေ့အထိ ကိုရိုနာကြောင့် ကမ္ဘာတဝှမ်းသေဆုံးသူ စုစုပေါင်း ၁၆၅၀၀ ကျော်လာပါပြီ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။