ကလေးမြို့နယ် လေးအိမ်စုရွာမှာ တောင်သူ နှစ်ဦး ပစ်သတ်ခံရ

2022.08.18
Share on WhatsApp
Share on WhatsApp
ကလေးမြို့နယ် လေးအိမ်စုရွာမှာ တောင်သူ နှစ်ဦး ပစ်သတ်ခံရ မီးရှို့ဖျက်ဆီးခံရသည့် ကလေးမြို့နယ် လေးအိမ်စုရွာမှ နေအိမ်အချို့ကို ၂၀၂၂ ခုနှစ် သြဂုတ်လ ၁၈ ရက်နေ့က တွေ့ရစဉ်
Photo: CJ

ဩဂုတ်လ ၁၆ ရက်နေ့က စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် လေးအိမ်စုရွာမှာ စစ်ကောင်စီ တပ်က ရွာသား နှစ်ဦးကို ပစ်သတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သူတို့နှစ်ဦးဟာ ကလေးမြို့နယ် ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေရဲ့ စခန်းအနီးမှာရှိတဲ့ ယာခင်းထဲမှာ တောင်ယာလုပ်နေစဉ် ပစ်သတ်ခံလိုက်ရတာလို့ ဆိုပါတယ်။

အသတ်ခံရသူနှစ်ဦးဟာ လေးအိမ်စုရွာက အသက် ၆၄ နှစ်အရွယ် ဦးဖိုးနီနဲ့ အသက် ၂၃ နှစ် အရွယ် သမက်ဖြစ်သူ ကိုအောင်ဌေးဝင်း တို့ ဖြစ်ပါတယ်။

အဲဒီနေ့မနက်ပိုင်းက သူတို့ရဲ့ ယာခင်းအနီးမှာရှိတဲ့ PDF စခန်းနဲ့ ရွာပြင်မှာရှိတဲ့ နေအိမ် နှစ်လုံးကို စစ်သားတွေက မီးရှို့ဖျက်ဆီးပြီး သူတို့နှစ်ဦးကို သေနတ်ဒဏ်ရာတွေနဲ့ သေဆုံး နေတာကို ရွာသားတွေက တွေ့ရှိခဲ့တာပါ။

အနားမှာရှိတဲ့ မြို့ပြပြောက်ကျားစခန်း အပါအဝင် လူနေအိမ်နှစ်လုံးကို ဩဂုတ်လ ၁၆ ရက် မနက်ပိုင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက မီးရှို့ဖျက်ဆီးခဲ့ပြီးတဲ့နောက် စခန်းအနီး တောင်ယာ လုပ်နေတဲ့ သူတို့နှစ်ဦး ကျည်ထိမှန် ဒဏ်ရာတွေနဲ့ သေဆုံးနေတာ မြင်တွေ့ ရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

"ရွာက နေအိမ်နှစ်လုံး မီးရှို့ခံရတာ၊ မီးရှို့ခံရတဲ့အိမ်ဟာ တော်လှန်ရေးရဲဘော်တွေကို ကျွေးမွေးပြုစုတဲ့အိမ် ဖြစ်တယ်။ သတင်းပေးတစ်ဦးက တစ်အိမ်ချင်းလိုက်ပြပြီး မီးရှို့ခိုင်းတာ၊ ပြီးတော့ ကလေးမြို့မြို့ပြပြောက်ကျား စခန်းကိုလည်း မီးရှို့သွားတာ"

သေနတ်ထိမှန်ဒဏ်ရာနဲ့ သေဆုံးနေတဲ့ သူတို့နှစ်ဦးရဲ့ ရုပ်အလောင်းတွေကို ရွာကပဲ ဝိုင်းဝန်း သင်္ဂြိုဟ်ပေးခဲ့ရတယ်လို့ သူက ဆိုပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်း ကို RFA က ဆက်သွယ်ဖို့ ကြိုးစားခဲ့ပေမယ့် RFA ကို ပြန်လည်မဖြေကြားနိုင်ကြောင်း ငြင်းဆို ထားပါတယ်။

မနေ့က နေပြည်တော်မှာလုပ်တဲ့ သတင်းစာရှင်းပွဲမှာတော့ စစ်ကောင်စီအနေနဲ့ အကြမ်းဖက်သမားတွေကို စေ့စပ်ညှိနှိုင်းမှာ မဟုတ်ဘဲ အကြမ်းဖက်နှိမ်နင်းရေးနည်းနဲ့ပဲ နှိမ်နင်း သွားရမယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။