စစ်ဆန့်ကျင်တဲ့ မန္တလေးက ကျောင်းသားနှစ်ဦး ထောင်တစ်နှစ်စီချခံရ

ခေမဏီဝင်း၊ နီမင်းထွန်း
2020.10.06

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ) အဖွဲ့က ကိုကျော်သီဟရဲကျော်နဲ့ ကိုစိုးလှနိုင် တို့ကို နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မတွေနဲ့ အလုပ်နဲ့ ထောင်ဒဏ် တစ်နှစ်စီ ဒီနေ့ ချလိုက်ပါတယ်။

ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်က တိုက်ပွဲတွေရပ်ဖို့ စတေကာကပ် လှုပ်ရှားခဲ့တာကြောင့် ပုဒ်မ ၅၀၅ (က)၊  ၅၀၅ (ခ) တို့နဲ့ တရားစွဲဆိုခံရတဲ့ သူတို့ကို ပုဒ်မ တစ်ခုစီအတွက် ထောင်ဒဏ် တစ်နှစ်စီ ချလိုက်ပြီး ပုဒ်မှနှစ်ခုလုံးအတွက် တစ်ပေါင်းတည်းကျခံဖို့ အမိန့်ချခဲ့တာ ဖြစ်ပါတယ်။

တရားရုံးက လွတ်လွတ်လပ်လပ်နဲ့ အမှုပေါ်ပေါက်ချက်အတိုင်း အမိန့်ချခဲ့တာဖြစ်တယ်လို့ အောင်မြေသာစံမြို့နယ် တရားရေးပြန်ကြားရေးအရာရှိ ဦးလှမျိုးဝင်းက ပြောပါတယ်။

စာတွေကပ်တယ်ဆိုပြီး တရားစွဲဆိုခံရတာပါ။ ပြစ်ဒဏ်တွေ တစ်ပေါင်းတည်းကျခံဖို့ အမိန့်ချခဲ့ပါတယ်"

ထောင်ချခံရတဲ့ ကျောင်းသား နှစ်ယောက်ဟာ မန္တလေးမြို့မှာ ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်း ဖက်ဆစ်စစ်တပ် အလိုမရှိ၊ တပ်မတော် အလင်းဝင်ပါ၊ တပ်မတော်ကြီးလည်း ချီလာပါပြီ၊ ပြည်သူများလည်းသေကုန်ပါပြီ၊ ဖက်ဆစ် လူသတ်ဝါဒ အလိုမရှိဆိုတဲ့ စားသားတွေပါဝင်တဲ့ စာရွက်တွေကို ကပ်ခဲ့တာပါ။

ကျောင်းသားတွေက သူတို့ ဒီလိုလုပ်ခဲ့တာဟာ ဗကသအဖွဲ့ရဲ့ မူအရ ယုံကြည်ချက်ကြောင့်လုပ်တာဖြစ်ပြီး သူတို့မှာ အပြစ်မရှိကြောင်း တရားခွင်မှာ ထွက်ဆိုခဲ့ပါတယ်။

ဆန္ဒပြကျောင်းသားတွေကို အောင်မြေသာစံမြို့နယ် ရဲတပ်ဖွဲ့က ရဲမှူးကျော်ဇင်မြင့်က တရားလိုပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

ကျောင်းသားတွေ ရုံးထုတ်ချိန်တွေမှာ ရဲတပ်ဖွဲ့က တရားရုံးမှာ လုံခြုံရေး တင်းကျပ်ထားတာ တွေ့ရပါတယ်။

အဲဒီလို လုံခြုံရေးတင်းကျပ်ထားတာကြောင့် သတင်းထောက်တွေ ဓာတ်ပုံနဲ့ ရုပ်သံ ရိုက်ကူးသတင်းယူရာမှာလည်း အဆင်မပြေတဲ့အပြင် ကျောင်းသားတွေရဲ့ မိတ်ဆွေတွေကလည်း သွားရောက် တွေ့ဆုံ စကားပြောခွင့် မရခဲ့ပါဘူး။

ဖမ်းဆီးခံထားရတဲ့ ကျောင်းသားတွေနဲ့ သွားရောက် တွေ့ဆုံလိုသူတွေကိုလည်း ရဲတပ်ဖွဲ့က တွေ့ခွင့်မပြုခဲ့ဘူးလို့ ဗကသ အဖွဲ့မှာ ပါဝင်လှုပ်ရှားခဲ့တဲ့ ကိုကောင်းဝဏ္ဏမင်းကိုက ပြောပါတယ်။

“မတရားလည်း ဖမ်းသေးတယ်၊ အတွင်းထဲက အခြေအနေကိုသိချင်လို့ ခဏလေးတွေ့ဖို့ပြောတာပါ၊ တွေ့ခွင့် တောင်းတာကို မရပါဘူး။ အများပိုင်လမ်းကိုလည်း  ပိတ်ထားတယ်။ စစ်ပွဲတွေရပ်ဖို့ တောင်းဆိုတာကို အခုလောက်ကြီး တွေ့ခွင့်မရ ပိတ်ထားတာ စဉ်းစားလို့လည်းမရဘူး”


အမြန်အဆန် အမိန့်ချနေတာ၊ တရားခွင်ကို ဝင်ရောက် လေ့လာခွင့် မပြုတာတွေကြောင့် တရားစီရင်ရေးကို အယုံအကြည်ပျက်စေတယ်လို့ မန္တလေးမြို့က နိုင်ငံရေး တက်ကြွလှုပ်ရှားသူ ဦးသိန်းအောင်မြင့်က ပြောပါတယ်။

“တိုက်ပွဲတွေရပ်ဖို့က တစ်နိုင်ငံလုံးကလည်း တောင်းနေတာပဲ။ တစ်နိုင်ငံလုံးက တရားရုံးတွေတောင် ရုံးချိန်း တွေ ပြန်ချိန်းနေတာကို ကျောင်းသားတွေကိစ္စကျမှ အသဲအသန်အမိန့်ချနေတယ်ဆိုတာ ဒီတရားစီရင်ရေးကို ဘယ်လိုယုံကြည်ရမှာလဲ၊ ဘယ်သူမှလည်း ဝင်ပြီးနားထောင်လို့မရဘူး၊ ပွင့်လင်းမြင်သာမှုလည်းမရှိဘူး၊ ဒါနဲ့ပတ်သတ်ပြီး ကန့်ကွက်တယ်"

ဒီကနေ့ အမိန့်ချခံရတဲ့ ကျောင်းသားနှစ်ယောက်ဟာ မန္တလေး အမရပူရမြို့နယ်၊ အောင်မြေသာစံမြို့နယ်၊ ချမ်းအေးသာစံနဲ့ မဟာအောင်မြေမြို့နယ်တွေမှာလည်း နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (က)၊  ၅၀၅ (ခ) တို့နဲ့ အမှုဖွင်ခံခဲ့ရပါတယ်။

ပြီးခဲ့တဲ့အပတ်မှာပဲ  မဟာအောင်မြေမြို့နယ် တရားရုံးက သူတို့ကို ထောင်ဒဏ် ၂ နှစ် ချမှတ်ခဲ့ပါတယ်။ ဗကသ ကျောင်းသား တစ်ယောက်ဖြစ်တဲ့ ကိုဘုန်းမြင့်ကျော်ကိုလည်း အလားတူ တရားစွဲထားပြီး ဖမ်းဝရမ်းကို သက်တမ်း တိုးထားတယ်လို့ အောင်မြေသာစံမြို့နယ် တရားရုံးကနေ သိရပါတယ်။

ဗကသ ကျောင်းသား ၁၃ ယောက်ဟာ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၀ ရက်နေ့က မန္တလေးမြို့ ၃၄ လမ်းကနေ ၂၆ လမ်း ဈေးချိုအနီးထိ လမ်းလျှောက်ပြီး ဆန္ဒပြခဲ့တာကြောင့် ငြိမ်းချမ်းစွာစုဝေးခွင့်နဲ့ စီတန်းလှည်လည်ခွင့်ဆိုင်ရာ ပုဒ်မ ၁၉ နဲ့လည်း ချမ်းအေးသာစံမြို့နယ် တရားရုံးမှာ တရားရင်ဆိုင်ကြရအုံးမှာ ဖြစ်ပါတယ်။

အလားတူ စစ်တွေမြို့က ရခိုင်ပြည်နယ်အစိုးရရုံးရှေ့မှာ စက်တင်ဘာ ၉ ရက်နေ့က တိုက်ပွဲတွေရပ်တန့်ရေးနဲ့ အင်တာနက် ပြန်ဖွင့်ပေးဖို့ ဆန္ဒပြခဲ့တာကြောင့် ငြိမ်းချမ်းစွာ စုဝေးခွင့်နဲ့ စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေပုဒ်မ (၁၉)နဲ့ အမှုရင်ဆိုင်နေရတဲ့ ရက္ခိုင်ပြည် ကျောင်းသားသမဂ္ဂက ကိုတိုးတိုးအောင်၊ ကိုကျော်နိုင်ဌေးနဲ့ ကိုဦးသန်းနိုင် တို့ သုံးယောက်ကိုလည်း စစ်တွေမြို့နယ် တရားရုံးမှာ ဒီနေ့ ပထမဆုံးအကြိမ် ရုံးချိန်းခေါ်ခဲ့ပါတယ်။

ဒီနေ့ရုံးချိန်းမှာ စစ်ဆေးခဲ့တာမရှိဘဲ နောက်တစ်ကြိမ်ရုံးချိန်းပဲ ထပ်မံချိန်းဆိုလိုက်တာကြောင့် အမှုကို ကြာရှည် အောင် လုပ်နေတာဖြစ်တယ်လို့ အမှုဖွင့်ခံထားရတဲ့ ကျောင်းသား ကိုကျော်နိုင်ဌေးက ဒီနေ့ရုံးချိန်းအပြီးမှာ ဝေဖန်လိုက်ပါတယ်။

စစ်တွေက ကျောင်းသား သုံးယောက်ကို အောက်တိုဘာ ၂၀ ရက်နေ့ကို ရုံးချိန်းထပ်မံ ချိန်းဆိုထားပါတယ်။

ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်က တိုက်ပွဲတွေရပ်တန့်ရေး စတစ်ကာ လှုပ်ရှားမှုနဲ့ ဆန္ဒပြခဲ့ကြတဲ့ ဗကသများ အဖွဲ့ချုပ် အဖွဲ့ဝင် ကျောင်းသား ၁၅ ယောက်ကို အစိုးရက ဖမ်းဆီးထားပြီး လှုပ်ရှားမှုမှာပါဝင်တဲ့ ကျောင်းသား ၃၀ လောက်လည်း တိမ်းရှောင်နေရပါတယ်။

ရတနာပုံ တက္ကသိုလ်က သုံးယောက်၊ မိတ္ထီလာတက္ကသိုလ်က သုံးယောက်၊ ပခုက္ကူ တက္ကသိုလ်က သုံးယောက်၊ ပြည်တက္ကသိုလ်က နှစ်ယောက်၊ မုံရွာပညာရေးကောလိပ်က တစ်ယောက်၊ ကန့်ဘလူ စက်မှုလက်မှုသိပ္ပံကျောင်း က တစ်ယောက်၊ မန္တလေး သမဝါယမ ကောလိပ်က တစ်ယောက်နဲ့ မုံရွာခရိုင် ကျောင်းသားများသမဂ္ဂက တစ်ယောက် အားလုံး ၁၅ ယောက် ဖမ်းဆီးခံထားရတာ ဖြစ်ပါတယ်။

အသံအဖွဲရဲ့ ထုတ်ပြန်ချက်အရ ရခိုင်ပြည်နယ်နဲ့ ပလက်ဝမြို့နယ်တိုမှာ အင်တာနက်ဖြတ်တောက်မှုကို ဆန့်ကျင် ကန့်ကွက်ခဲ့တဲ့သူတွေဟာ စက်တင်ဘာလ တစ်လထဲမှာတင် အရေးယူခံရသူ ၅၇ ယောက်ရှိပြီး ကျောင်းသား တက်ကြွလှုပ်ရှားသူ ၄၄ ယောက် အရေးယူခံထားရတယ်လို့ ပြောထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။