အောင်ပန်းမှာ စစ်ကောင်စီသတင်းပေး နှစ်ဦး အသတ်ခံရ
2021.08.23

ရှမ်းပြည်နယ် အောင်ပန်းမြို့မှာ ဩဂုတ်လ ၂၃ ရက် ဒီကနေ့ မနက် ၁၀ နာရီဝန်းကျင်က စစ်ကောင်စီ သတင်းပေးလုပ်နေတဲ့ မီးရထားဝန်ထမ်း အသက် ၃၀ နှစ်အရွယ် ကိုဝေမင်းထွန်းနဲ့ အသက် ၃၃ နှစ်အရွယ် ကိုဝေယံစိုးတို့ နှစ်ဦး အသတ်ခံလိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
"အောင်ပန်းမြို့ကနေ ကုန်းလွင်ကျေးရွာကိုသွားတဲ့ မီးရထားလမ်းဘေးမှာရှိတဲ့ ပြောင်းစိုက်ခင်းအနီးမှာ သတ်ဖြတ်ခံလိုက်ရတာ၊ သူတို့က မီးရထားဝန်ထမ်းပေါ့" လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ အောင်ပန်း မြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။
အောင်ပန်းမြို့နယ်အတွင်း လှုပ်ရှားနေတဲ့အဖွဲ့တစ်ဖွဲ့က သတ်ဖြတ်ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
အသတ်ခံရတဲ့ မီးရထားဝန်ထမ်းနှစ်ဦးဟာ CDM လှုပ်ရှားမှုမှာ မပါတဲ့အပြင် CDM မှာပါတဲ့ ဝန်ထမ်းတွေကိုပါ ဖိအားပေးခြိမ်းခြောက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။