မြစ်ကြီးနားသတင်းထောက်နှစ်ဦးကို သခင်စစ်ကုမ္ပဏီ ဖမ်းဆီးရိုက်နှက်


2019-02-26
Share
myitkyina-news-journalist-622.jpg မြစ်ကြီးနားသတင်းဂျာနယ်က သတင်းထောက် အိုက်ကျဲနဲ့ သတင်းထောက် မွန်းမွန်းပန် ပုံ
Photo: Elizabeth/RFA

ကချင်ပြည်နယ် မြစ်ကြီးနားအခြေစိုက် မြစ်ကြီးနားသတင်းဂျာနယ်က သတင်းထောက် ၂ဦးကို ငှက်ပျောခြံနဲ့ သတ္တုတူးဖော်ရေး လုပ်ကိုင်တဲ့ သခင်စစ် ကုမ္ပဏီ ဝန်ထမ်းတွေဟာ ဒီနေ့မနက်မှာ ကုမ္ပဏီရုံးခန်းကို ခေါ်ဆောင် သွားပြီး ခြိမ်းခြောက်ပြောဆိုတာတွေ ရှိတယ်လို့ ကာယကံရှင်သတင်းထောက်နှစ်ဦးက ပြောပါတယ်။

မနေ့ကထုတ်တဲ့ မြစ်ကြီးနားသတင်းဂျာနယ်မှာ ဖော်ပြခဲ့တဲ့ "မှန်ဒေါင်းကျေးရွာအုပ်တွင် တရုတ်တစ်သျှူး ငှက်ပျောစိုက်တဲ့ ကုမ္ပဏီ နှစ်ခု ဝင်ရောက်လုပ်ကိုင်နေ" ဆိုတဲ့သတင်းနဲ့ပတ်သက်ပြီး ကုမ္ပဏီ ဥက္ကဋ္ဌက ပြန်လည်ရှင်းပြစရာရှိတယ်လို့ဆိုကာ အဲဒီသတင်းထောက်နှစ်ဦးကို ဂျာနယ်တိုက်ကနေ ခေါ်သွားတာလို့ သိရပါတယ်။

အဲဒီသတင်းရေးသားခဲ့တဲ့ သတင်းထောက် မွန်းမွန်းပန်နဲ့အတူ သတင်းထောက် အိုက်ကျဲ တို့ဟာ ဝိုင်းမော်မြို့မှာရှိတဲ့ ကုမ္ပဏီရုံးခန်းကို လိုက်ပါသွားတာလို့ သိရပါတယ်။ အဲဒီသတင်းထောက်နှစ်ဦးကို ချုပ်နှောင်ထားတဲ့အတွက် ဂျာနယ်တိုက်တာဝန်ရှိသူတွေနဲ့ ရဲတပ်ဖွဲ့ဝင်တချို့က ကုမ္ပဏီကို သွားရောက်ခေါ်ထုတ်ခဲ့တာဖြစ်ပါတယ်။

မဟုတ်မမှန်သတင်းရေးသားတဲ့အတွက် ခေါ်ယူရတာဖြစ်တယ်လို့ ကုမ္ပဏီတာဝန်ရှိသူတစ်ဦး က RFA ကို ပြောပါတယ်။ သတင်းထောက်နှစ်ဦးအပေါ် ခြိမ်းခြောက်ပြောဆိုတာတွေ၊ ကိုယ်ထိလက်ရောက် ကျူးလွန်တာတွေ အတွက် ကုမ္ပဏီ မန်နေဂျင်းဒါရိုက်တာ အပါအဝင် ၆ဦးကို ဥပဒေအရ အရေးယူပေးဖို့ ဝိုင်းမော်မြို့မရဲစခန်းမှာ မွန်းမွန်းပန်က တရားလိုလုပ်ပြီး အမှုဖွင့်ခဲ့တယ်လို့ သိရပါတယ်။ မွန်းမွန်းပန်ဟာ ယာဘက်နားအုံနာကျင်မှု ခံစားနေရပြီး အိုက်ကျဲက ခြေထောက်နာကျင်တဲ့ဝေဒနာ ခံစားခဲ့ရတယ်လို့လည်း သိရပါတယ်။

ကုမ္ပဏီက ကား၂စီးနဲ့ လူ ၅ ဦးက လာရောက်ခေါ်ဆောင်ရာမှာ မြစ်ကြီးနားသတင်းဂျာနယ်က သတင်းထောက် မွန်းမွန်းပန်နဲ့ အိုက်ကျဲ တို့နှစ်ဦး လိုက်သွားတာဖြစ်ပါတယ်။ အဲဒီလိုခေါ်ဆောင်သွားပြီးနောက် ချုပ်နှောင်ခံရတာတွေနဲ့ ပတ်သက်လို့ သတင်းထောက် မွန်းမွန်းပန်က အခုလိုပြောပါတယ်။

"ရုံးက ဆရာနဲ့ ဖုန်းပြောနေတဲ့အချိန်မှာ ကျွန်မကို လှမ်းဆွဲနေပြီးဆိုပြီး ကျွန်မကို ဒီလိုမျိုး လုပ်လို့မှမရတာလို့ ဘာဖြစ်လို့ အဲလိုမျိုး လှမ်းဆွဲလည်းမသိဘူးလို့ ပြောလိုက်တဲ့အချိန်ကျတော့ နင့်ကို ဘာမှမလုပ်ဘူးတဲ့၊ နင်ဒီမှာပဲ ထိုင်နေတဲ့ ဒီမှာပဲထိုင်ပြီးတော့ ပြောစရာပဲရှိတာလို့ ဒါဆိုရင် ကျွန်မထိုင်ပေးမယ်လို့ ကျွန်မကို ဒီလိုမျိုးမလုပ်နဲ့လို့ ပြောလိုက်တဲ့ အခါကျတော့ သတင်းစာကြီးကိုင်ပြီးတော့ ဒီမှာလေ နင်ဒီမှာရေးထားတာမတွေ့ဘူးလား ဆိုပြီးတော့ သတင်းစာကြီးကိုင်ပြီး ရိုက်ပြီးပေးတာ အဲမှာ ကျွန်မ နားတောင်အူသွားတယ်၊ ပါးတွေလည်း နာသွားတာလေ၊ ပြီးလို့ရှိရင် ကျွန်မကိုလေ ရစရာမရှိအောင်ဆဲပြီးတော့ သူတို့ကုမ္ပဏီဘက်က ငှက်ပျော တစ်ပင်တွေ့ရင် နင်တို့ကို လွှတ်ပေးမယ်တဲ့ ငှက်ပျောမတွေ့ရင်တဲ့ နင်တို့ကို ပြန်မလွှတ်ပေးဘူးတဲ့"

သတင်းထောက် အိုက်ကျဲကလည်း အခုလိုပြောပါတယ်။

"ကျွန်တော်ကို သတင်းဘယ်သူရေးတာလည်း ဆိုပြီးမေးတော့ ကျွန်တော်ရေးတာမဟုတ်ဘူး၊ မမွန်းမွန်းပန် ရေးတာဆိုပြီးပြောတော့ သူက အဲဒါဆိုဟုတ်ပြီတဲ့ ခင်ဗျားဒီကနေထွက်သွားတဲ့ အဲဒါနဲ့ သူဌေးကနေပြီး ကျွန်တော်ကို မျက်နှာခြင်းဆိုင်က ဟိုဘက်ခြံကို ခေါ်သွားလိုက်ဆိုပြီး သူ့လူတွေကို ပြောတယ်၊ အဲဒီမှာ ကျွန်တော်ကို ထွက်မပြေးသွားအောင် ခေါ်သွားပြီးတော့ တခြားခြံကိုခေါ်သွားတယ်၊ ကျွန်တော်နဲ့အတူ ခြံထဲမှာ ၂ ယောက်ရှိတယ်၊ ခြံအပြင်မှာလည်း ၂ ယောက်က စောင့်နေတယ်၊ ဒီလိုမျိုးဖြစ်တယ်ဆိုတဲ့အကြောင်းကို ဂျာနယ်က ဂရုချက်ထဲကို ပို့လိုက်တာ အဲဒီမှာ အယ်ဒီတာချုပ်ကလည်း တင်လိုက်တော့ တင်လိုက်တာကို သခင်စစ်ကုမ္ပဏီက လူတွေက မြင်သွားတဲ့အခါမှာ ဒါဘယ်သူတင်တာလည်းပေါ့ နင်ပဲဖြစ်မှာပါဆိုပြီးပြောတော့ ကျွန်တော်ကလည်းဟုတ်တယ်ပေါ့ ကျွန်တော်ပို့လိုက်တာပေါ့၊ အဲဒါဆို ထိုင်ထ အခါ ၁ သိန်းလုပ်ရမယ်ပေါ့၊ မလုပ်ရင် မပြန်ရဘူးလို့ပြောတယ် အဲဒါနဲ့ ကျွန်တော်လည်းလုပ်မယ်ပေါ့ ထိုင်ထ အခါ ၁ သိန်း မပြည့်ခင် သုံးရာလောက်မှာ ဟုတ်ပြီတဲ့ ထိုင်တော့တဲ့"

ဒီသတင်းကြောင့် ကုမ္ပဏီကို လိုက်သွားတဲ့ အိုက်ကျဲ ရဲ့ မိခင် ဒေါ်ဒေါင်နော က

"ကျွန်မသားက မဟုတ်မမှန်တဲ့ သတင်းတွေလွှင့်လို့ဆိုပြီး ကုမ္ပဏီဘက်က ပြောတယ်၊ အဲအတွက် ဂုဏ်သိက္ခာကို ဘယ်လိုဆယ်ပေးမလည်းဆိုပြီး မေးတယ်၊ အဲဒါနဲ့ ကျွန်မကပြောတာပေ့ါ ကျွန်မသားကတော့ မသိလို့ပေါ့၊ အခုမှသူက သတင်းလုပ်ခါစ ၂ လ၊ ၃ လလောက်ပဲရှိသေးတယ်၊ မသိလို့ ဒါမျိုးဖြစ်သွားတာပါပေ့ါ၊ နောက်နောင် ဒီလိုမဖြစ်အောင် ပြောပေးပါမယ်ပေါ့၊ တောင်းပန်ခဲ့ပါတယ်၊ လောပန်းကပြောခဲ့တယ် သူ့ရဲ့ လုပ်အားခ ၁ ရက်စာ သိန်း ၅၀ လျှော်ပေးမှ မင်းတို့သားကို လွှတ်မယ်ဆိုပြီး ပြောခဲ့တာဟုတ်တယ်၊ အဲနောက်မှ မြစ်ကြီနား သတင်းထောက်နဲ့ ရဲတွေ ဝင်လာခဲ့တာ သိရပါတယ်၊ ကျွန်မသား အိုက်ကျဲနဲ့ သတင်းထောက် အမျိုးသမီး မွန်းမွန်းပန် တို့ကို ရဲစခန်းကိုခေါ်သွားတာ သိရပါတယ်၊ အဲဒါနဲ့ ကျွန်မလည်း စိတ်ပူလို့ ရဲစခန်းထိ လိုက်ခဲ့တာပါ"

သခင်စစ် ကုမ္ပဏီဟာ တစ်သျူးဌက်ပျော စိုက်ပျိုးတယ်ဆိုတယ်ဆိုပြီး မဟုတ်မမှန်ရေးသားထားတဲ့အတွက် ခေါ်ယူရတာဖြစ်တယ်လို့ သခင်စစ် ကုမ္ပဏီ တာဝန်ရှိသူတစ်ဦးက RFA ကို ပြောပါတယ်။

"သတင်းရေတာနဲ့ ပတ်သက်ပြီး ကျွန်တော်တို့က ခေါ်တဲ့အခါမှာ သူတို့ကနေပြီးတော့ နားလည်မှုတွေ ပြန်လွဲ၊ အဲလိုမျိုးတွေ ဖြစ်ကုန်တာပေါ့၊ ကနဦးကတော့ သူတို့က ကျွန်တော်တို့ ကုမ္ပဏီကို သတင်းအမှားတွေ ရေးလိုက် တာပေါ့၊ ဘယ်အချက်ကလည်းဆို သတင်းခေါင်းစဉ်နဲ့ ကျွန်တော်တို့ ကုမ္ပဏီနဲ့ လုံးဝကို မကိုက်တာပေါ့၊ တစ်သျှူးငှက်ပျောစိုက်ထားတယ်ဆိုပြီး ရေးထားတာ ကျွန်တော်တို့ မန်နေဂျင်းဒါရိုက်တာကနေပြီးတော့ ငှက်ပျောတစ်ပင် တာဝန်ယူတယ်ပေါ့ အဲလိုမျိုးပြောတာ တစ်သျှူးငှက်ပျောမစိုက်ဘူး လုံးဝ မစိုက်ထားဘူး၊ ဘယ်သူ့ကိုဖြစ်ဖြစ် မေးလို့ရတယ်"

အဲဒီလို သတင်းထောက်နှစ်ဦးကို ချုပ်နှောင်ထားတာတွေနဲ့ ပတ်သက်ပြီး ဂျာနယ်တိုက် တာဝန်ရှိသူတွေက ဝိုင်းမော်ရဲစခန်းက ရဲတပ်ဖွဲ့ဝင်တွေနဲ့အတူ ကုမ္ပဏီရုံးခန်းကို သွားပြီး သတင်းထာက်နှစ်ဦးကို ပြန်လည်ခေါ်ယူခဲ့တာလို့သိရပါတယ်။

အဲဒီလို ခြိမ်းခြောက်မှု၊ ဆဲဆိုမှုတွေကြောင့် ဝိုင်းမော်မြို့နယ်ရဲစခန်းမှာ သခင်စစ်ကုမ္ပဏီကို အရေးယူပေးဖို့ မြစ်ကြီးနား သတင်းဂျာနယ်တာဝန်ရှိသူတွေက အမှုဖွင့်ခဲ့တယ်လို့ သိရပါတယ်။

ဒီသတင်းကို RFA သတင်းထော်က မအဲလိဇဘက်ဂျန်မာ ပေးပို့တာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။