နတ်တလင်း PDF တပ်ဖွဲ့ဝင်နှစ်ဦး အသတ်ခံရ

2022.03.15
နတ်တလင်း PDF တပ်ဖွဲ့ဝင်နှစ်ဦး အသတ်ခံရ ပဲခူးတိုင်း (အနောက်ပိုင်း)၊ နတ်တလင်းမြို့ကို တွေ့ရစဉ်
Photo: Paungde News Facebook Page
ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်က Phoenix DF (နတ်တလင်း PDF) တပ်ဖွဲ့ဝင် သုံးဦးဟာ ပြီးခဲ့တဲ့ မတ်လ ၁၀ ရက်က စစ်ကောင်စီတပ်တွေရဲ့ ဖမ်းဆီးတာခံလိုက်ရပြီး နှစ်ယောက် အသတ်ခံလိုက်ရတယ်လို့ နတ်တလင်း PDF က ပြောပါတယ်။
 
အဲဒီနေ့က နတ်တလင်းမြို့နယ်၊ တောင်ညိုမြို့သစ်၊ ဖောင်အိုင်ရွာမှာ စစ်ကောင်စီတပ်ဖွဲ့နဲ့ တိုက်ပွဲဖြစ်ခဲ့ ပြီး PDF အဖွဲ့က သုံးဦး အဖမ်းခံရကာ နှစ်ဦးကို စစ်ကောင်စီဘက်က သတ်ပစ်လိုက်တယ်လို့ Phoenix DF (နတ်တလင်း PDF) ပြန်ကြားရေးတာဝန်ခံ ကိုရန်ကြီးအောင်က RFA ကို ပြောပါတယ်။
 
"နှစ်ဦးကို အင်းမတပ် (စစ်ကောင်စီတပ်) ခေါ်ပြီး သုတ်သင်လိုက်တယ်လို့ သတင်းရထားပါတယ်။ ကျနော်တို့အနေနဲ့ကတော့ ရဲဘော်တွေ ကျဆုံးတာကို အမြန်ဆုံးနဲ့ အထိရောက်ဆုံး လက်တုံ့ပြန်နိုင်အောင် ကြိုးစားသွားမှာပါ"
 
အဖမ်းခံရလိုက်ရတဲ့ သုံးဦးစလုံး စစ်ကြောရေးမှာ သေဆုံးသွားပြီလို့ သတင်းတွေ ထွက်နေပေမယ့် လက်ရှိ အချိန်အထိ နှစ်ဦးကိုပဲ အတည်ပြုလို့ရသေးတယ်လို့ ဆိုပါတယ်။
 
ဒေသခံပြည်သူတွေအနေနဲ့လည်း စစ်ကားတွေအနီးနဲ့ အခုတိုက်ပွဲဖြစ်နေတဲ့ ရွာတွေဘက်ကို အတတ်နိုင်ဆုံး အသွားအလာ မလုပ်ကြဖို့ အသိပေးထားတယ်လို့ ပြောပါတယ်။
 
အခုဖြစ်စဉ်နဲ့ ပတ်သက်ပြီး RFA အနေနဲ့ သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီရဲ့ ပြန်ကြားရေး ဒု-ဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်းကို ဒီညနေ ခြောက်နာရီအထိ ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။
 
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၂ နဲ့ ၂၃ ရက်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ နတ်တလင်းနဲ့ ဇီးကုန်း PDF တပ်ဖွဲ့ဝင် တွေ နတ်တလင်းမြို့နယ် တောင်ညိုစခန်းကြီးရွာအနီး တိုက်ပွဲဖြစ်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဘက်က ကိုးဦး သေဆုံးခဲ့တယ်လို့ Phoenix D F (နတ်တလင်း PDF) ပြန်ကြားရေးက ပြောပါတယ်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။