မန္တလေးတိုင်း NLD ပါတီဝင် နှစ်ဦး ဖမ်းဆီးခံရ

2021.04.29
မန္တလေးတိုင်း NLD ပါတီဝင် နှစ်ဦး ဖမ်းဆီးခံရ မိတ္ထီလာမြို့က ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးလွင်မောင်မောင် (ဝဲဘက်)နဲ့ မိုးကုတ်မြို့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးကိုကိုဦး တို့ကို တွေ့ရစဉ်
.

မန္တလေးတိုင်း မိုးကုတ်နဲ့ မိတ္ထီလာမြို့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ တာဝန်ရှိသူတွေကို စစ်ကောင်စီ တပ်တွေက ဧပြီလ ၂၈ ရက် မနေ့ညပိုင်းက လာရောက်ဖမ်းဆီးသွားတယ်လို့ မိသားစုနဲ့ နီးစပ်သူတွေက ပြောပါတယ်။

မိုးကုတ်မြို့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးကိုကိုဦး နဲ့ မိတ္ထီလာမြို့က ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးလွင်မောင်မောင် တို့ ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။

မိုးကုတ်မြို့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးကိုကိုဦးကို မနေ့က ဧပြီလ ၂၈ ရက်ညပိုင်းက သူ့ရဲ့ နေအိမ်မှာ စစ်ကောင်စီတပ်တွေက လာရောက်ဖမ်းဆီးသွားတာလို့ မိသားစုနဲ့ နီးစပ်သူ ဦးစိုးဌေးက ပြောပါတယ်။

“သူအဖမ်းမခံရင် မိသားစုကို ဖမ်းမယ်ဆိုလို့ အဖမ်းခံလိုက်တာပါ။ အခုက စစ်ကောင်စီက သူတို့ ဖမ်းချင်တဲ့သူ မတွေ့ရင် မိသားစုတွေကို ဖမ်းတာတွေလုပ်နေတယ်၊ ဓားတွေ၊ ဘတ်ခွတွေ တွေ့ရင်လည်း ဖမ်းနေတယ်၊ ဒီလိုဖြစ်စဉ် လုပ်ရပ်တွေက လုံးဝကို လူသားမဆန်တဲ့ လုပ်ရပ်တွေပဲ။"

မိတ္ထီလာမြို့က နေအိမ်မှာ ဖမ်းဆီးခံလိုက်ရတဲ့ ဦးလွင်မောင်မောင်ရဲ့ မိသားစုဝင်တစ်ယောက်ကလည်း “ဦးလွင်မောင်မောင်ဟာ ဖခင်ဖြစ်သူ ဆုံးထားတာ မကြာသေးတဲ့အတွက်၊ မိဘတွေရဲ့ နေအိမ်ကို ပြန်နေတဲ့ အခိုက်မှာ ဖမ်းဆီးခံလိုက်ရတာဖြစ်ပြီး၊ လတ်တလောမှာတော့ ထောင်ထဲမှာ ချုပ်ထားကြောင်းနဲ့ ဘာအမှုနဲ့ စွဲဆိုတာလဲ ဆိုတာကို စခန်းမှူးကို မေးမြန်းရာမှာ မသိသေးဘူးလို့သာ အကြောင်းပြန်ထားတယ်” လို့ RFA ကို ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းပြီးကတည်းက၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံးတွေကို ပိတ်သိမ်းတာ၊ ပါတီဝင်တွေကို ဖမ်းဆီးတရားစွဲဆိုတာတွေ ဆက်တိုက်ပြုလုပ်နေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။