မစ္စစ် ကလင်တန်နဲ့ ဦးသိန်းစိန်ဆွေးနွေး

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မစ္စစ်ကလင်တန်နဲ့ မြန်မာသမ္မတ ဦးသိန်းစိန်တို့ နှစ်ဦးဟာ အာဆီယံအသင်းရဲ့ စီးပွားရေးဆိုင်ရာ ညီလာခံ ကျင်းပနေတဲ့ ကမ္ဘောဒီးယားနိုင်ငံ ဆီယမ်းရိ(ပ်) (Siem Reap) မြို့မှာ ဒီနေ့ တွေ့ဆုံ ဆွေးနွေးကြပါတယ်။

2012.07.13
hillary-clinton-u-thein-sein-b305 ၂၀၁၂ ခုနှစ် ဇူလိုင်လ ၁၃ ရက်က ကမ္ဘောဒီးယားနိုင်ငံ ဆီယမ်းရိ(ပ်) မြို့တွင်ကျင်းပသော အာဆီယံအသင်း၏ စီးပွားရေးဆိုင်ရာ ညီလာခံတက်ရောက်လာသော အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မစ္စစ်ကလင်တန်နှင့် သမ္မတ ဦးသိန်းစိန်တို့ တွေ့ဆုံနှုတ်ဆက်နေစဉ်။
AFP

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးက မြန်မာအစိုးရ အနေနဲ့ ပြုပြင်ပြောင်းလဲမှုတွေကို ပိုမိုတိုးမြှင့် ဆောင်ရွက်ဖို့ တိုက်တွန်းရင်း အမေရိကန် ပြည်ထောင်စုအနေနဲ့ အကူအညီတွေ ပေးလိုကြောင်းလည်း ကတိပြု ပြောကြားတယ်လို့ သိရပါတယ်။

သမ္မတ ဦးသိန်းစိန်ကလည်း ပိတ်ဆို့မှုတွေ လျှော့ချမှုအတွက် အမေရိကန် ပြည်ထောင်စုကို ချီးမွမ်းပြောဆိုကာ နှစ်နိုင်ငံအကြား ဆက်ဆံရေး တမဟုတ်ခြင်း တိုးတက်လာမှုအတွက် များစွာကျေနပ်မိကြောင်း ပြန်လည်ပြောဆိုတယ်လို့ ဆိုပါတယ်။

အချိန်တနာရီခန့် ကြာတဲ့ ဆွေးနွေးချိန်အတွင်း မြန်မာနဲ့ အမေရိကန် ခေါင်းဆောင်နှစ်ဦးဟာ အကျဉ်းထောင်တွေအတွင်းက ကျန်ရှိနေတဲ့ နိုင်ငံရေး အကျဉ်းသားတွေအရေး၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ ဘင်္ဂါလီ ရိုဟင်ဂျာ ပြဿနာတွေကို ဆွေးနွေးကြကြောင်းလည်း သိရပါတယ်။

ဒါဟာ အမေရိကန်အစိုးရက မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ စီးပွားရေးအရ အရေးယူမှုတွေ လျှော့ချပေးလိုက်တဲ့နောက် ပထမဆုံး တွေ့ဆုံတာ ဖြစ်ပါတယ်။ ဒီတွေ့ဆုံပွဲဟာ မြန်မာနိုင်ငံရဲ့ အပြောင်းအလဲကို အမေရိကန် အစိုးရက ထောက်ခံကြောင်း ပြသတာ ဖြစ်တယ်လို့ သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဌေးဇော်က ပြောပါတယ်။

ဒီအတောအတွင်းမှာပဲ အမေရိကန်အနေနဲ့ အာဆီယံအသင်းဝင် မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်နဲ့ ထိုင်း - ၅ နိုင်ငံကို ၃ နှစ်စာအတွက် အမေရိကန်ဒေါ်လာ သန်း ၅၀ ကူညီထောက်ပံ့မယ်လို့ မစ္စစ်ကလင်တန်က ကြေညာခဲ့ပါတယ်။ ဒီအကူအညီဟာ ကျန်းမာရေး၊ ပညာရေးနဲ့ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းမှုတွေမှာ သုံးစွဲဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။