လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဇင်ကို ကန့်ကွက်ဆန္ဒပြ

2014-09-28
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ

ပုဇွန်တောင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ဇင်ကို ကန့်ကွက်ကြောင်း မဲဆန္ဒရှင် ၂၀၀ခန့်က ဒီနေ့ ပုဇွန်တောင်မြို့နယ်မှာ လမ်းလျှောက်ဆန္ဒပြခဲ့ကြပါတယ်။

လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဇင်ဟာ မဲဆန္ဒရှင်တွေနဲ့ တွေ့ဆုံဆွေးနွေးတာမရှိဘဲ PR ခေါ် အချိုးကျကိုယ်စားပြု ရွေးကောက်ပွဲစနစ်ကို တင်သွင်းခဲ့တဲ့အတွက် ကန့်ကွက်ဆန္ဒပြရတာဖြစ်တယ်လို့ ပုဇွန်တောင်မြို့နယ်က ဦးရဲကျော်သူက ပြောပါတယ်။

"ကျနော်တို့ ၂၀၁၀ တုန်းက ခမောက်ဘေးနားမှာ ဦးအောင်ဇင် ဆိုတဲ့နာမည်ပါလာလို့သာ ကျနော်တို့ မဲပေးခဲ့တာပါ၊ ကျနော်တို့ ပုဇွန်တောင်သားတစ်ယောက်အနေနဲ့ပေးခဲ့တာပါ၊ ကျနော်တို့ ပုဇွန်တောင်မြို့နယ် မဲဆန္ဒရှင်တွေရဲ့မဲနဲ့ အနိုင်ရရှိပြီး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဖြစ်သွားတယ်၊ ဖြစ်သွားတော့ ကျနော်တို့ ပြည်သူလူထုနဲ့လည်း ထိတွေ့မှုမရှိဘူး၊ ရုံးခန်းလည်းမရှိဘူး၊ ဦးအောင်ဇင် ဖြူသလား၊ မဲသလားလည်း ကျနော်တို့မသိခဲ့ဘူး၊ အဲ့ဒီတော့ သူကပြည်ထောင်စု လွှတ်တော်မှာ ဒီအဆိုကို တင်သွင်းခဲ့တဲ့ အတွက် ကျနော်တို့ ပုဇွန်တောင်သားတွေ သိက္ခာအရမ်းကျခဲ့တယ်၊ PR စနစ်ဆိုတာက ကောင်းတာလည်း ရှိသလို၊ မကောင်းတာလည်းရှိတယ်၊ ကျနော်တို့နိုင်ငံ ဒီမိုကရေစီက နုနယ်သေးတယ်၊ ဒီ PR စနစ်နဲ့ မသင့်တော်သေးဘူး၊ အဲ့ဒီအတွက်ကြောင့် သူ့မှာ အရည်အချင်းမရှိဘူးဆိုတဲ့အကြောင်း ကန့်ကွက်ဆန္ဒဖော် ထုတ်တာပါ"

ဆန္ဒပြသူတွေဟာ PR စနစ်ကို ကန့်ကွက်ကြောင်းနဲ့ ဦးအောင်ဇင်ကို ပုဇွန်တောင်မြို့နယ် မဲဆန္ဒရှင်တွေရဲ့ လွှတ်တော်ကိုယ်စားလှယ်အဖြစ် အသိအမှတ်မပြုနိုင်ကြောင်း ကြေညာချက်ထုတ်ခဲ့ပါတယ်။

အဲ့ဒီဆန္ဒပြပွဲမှာ ပုဇွန်တောင်မြို့နယ် မဲဆန္ဒရှင်တွေအပြင် ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူများကွန်ရက် နဲ့ ပြည်သူ့လှုပ်ရှားမှု မြှင့်တင်ရေးကွန်ရက်တို့က အဖွဲ့ဝင်တွေလည်း ပါဝင်ခဲ့ကြပါတယ်။

လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဇင်ဟာ ပြီးခဲ့တဲ့ ၁၀ ကြိမ်မြောက် ပြည်သူ့လွှတ်တော် အစည်းအဝေး မှာ မြန်မာနိုင်ငံနဲ့သင့်တော်မယ့် ရွေးကောက်ပွဲစနစ် ကျင့်သုံးအကောင်အထည်ဖော်ဖို့ အဆိုကိုတင်သွင်းခဲ့စဉ် PR စနစ်အကြောင်း တင်ပြဆွေးနွေးခဲ့တာဖြစ်ပါတယ်။

ဒီနေ့ ပုဇွန်တောင်မြို့နယ်က လမ်းလျှောက်ဆန္ဒပြပွဲအကြောင်း RFA သတင်းထောက် မဝေယံမိုးမြင့် တင်ပြထားတာ နားဆင်နိုင်ပါတယ်။

ကွန်မင့်များ (1)
Share

မြန်မာ့နည်းမြန်မာ့ဟန်

နေရပ်- မြန်မာ့ အချိုးကျ စနစ်

အခုဖွတ်ထွက်မှ တောင်ပို့မှန်းသိတယ်။
ဒါဟာ ပုဇွန်တောင်ပြည်သူတွေရဲ့မျက်နှာကို အိုးမဲသုတ်လိုက်တာဖြစ်တယ်
http://www.news-eleven.com/politic

Sep 28, 2014 11:10 PM

ဆိုက်တခုလုံးသို့