လူ ၅၀ အထက် စုဝေးမဲဆွယ်ရင် အရေးယူမယ်လို့ UEC ထုတ်ပြန်

ဖြူဖြူခိုင်
2020.10.30

၂၀၂၀ အထွေထွေရွေးကောက်ပွဲ နီးကပ်လာတာနဲ့အမျှ အပြိုင်အဆိုင် မဲဆွယ်စည်းရုံးနေကြသလို ပါတီဝန်းရံသူတွေ ကလည်း ယာဉ်မျိုးစုံနဲ့ နေ့စဉ် ထောင်နဲ့ချီ အင်အားပြလှည့်လည်နေကြပါတယ်။ လူ ၅၀ ထက်မပိုစေဘဲ ၆ ပေ အကွာအဝေး သတ်မှတ်ချက်နဲ့အညီ လိုက်ပါဝန်းရံဖို့၊ မလိုက်နာရင် တည်ဆဲဥပဒေတွေအရ အရေးယူခံရမယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၉ မနေ့ညက ကြေညာလိုက်တာပါ။

ဒီကြေညာချက်ကြောင့် မွန်ပြည်နယ် ဘီလူးကျွန်းမှာ မွန်ညီညွတ်ရေးပါတီ MUP ကို လူသောင်းနဲ့ချီပြီး ထောက်ခံ ဝန်းရံမယ့် အစီအစဉ်ကို ဖျက်သိမ်းလိုက်တယ်လို့ MUP ဝန်းရံသူ ဘီလူးကျွန်းဒေသခံ ကို မင်းပြည့်ဟန်ထွန်းက ပြောပါတယ်။

“UEC က စာထုတ်လိုက်တာကြောင့် လှည့်ဖို့ကိစ္စကို ရပ်လိုက်တယ်။ ဒါပေမဲ့ ဒီနေ့ ဘီလူးကျွန်းမှာ ကိုယ့်အဖွဲ့နဲ့ ကိုယ် လူ ၅၀ ထက်မပိုဘဲ အစုလိုက် အစုလိုက် လှည့်နေကြတယ်။ တကယ်လို့သာ UEC က စာမထုတ်ဘူး ဆိုရင်တော့ ပထမတစ်ခေါက်ကလှည့်တာထက်ကို ပိုပြီးလူများနိုင်တယ်။ ကျွန်တော်တို့က ဒီနေ့ လှည့်ဖို့ကို အစီအစဉ် ချပြီးသား။ ဒါပေမဲ့ အဲဒီစာထွက်လာတဲ့အခါကျတော့ အကုန်လုံးကို မလှည့်ကြပါနဲ့တော့ဆိုပြီး မေတ္တာရပ်ခံရတာပေါ့။"

ကပ်ဘေးကာလမှာ လူစုလူဝေးနဲ့ အင်အားပြဝန်းရံတာတွေ မလုပ်ဖို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ကြေညာချက်တွေ ထုတ်ပြန်ပြီး မေတ္တာရပ်ခံနေပေမယ့်လည်း အင်အားကြီးပါတီတွေဖြစ်တဲ့ ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ USDP နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီကို ထောက်ခံသူတွေဟာ နေ့စဉ် လူအများအပြားနဲ့ ကားတွေ၊ ဆိုင်ကယ်တွေသုံးပြီး အင်အားပြလှည့်လည်နေပါတယ်။

ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်လိုက်တဲ့ အချက်ကိုထောက်ပြပြီး ပါတီဝန်းရံသူတွေကို ဥပဒေနဲ့အညီ ဆောင်ရွက်ဖို့ စည်းရုံးသွားမယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဗဟိုအောင်နိုင်ရေးကော်မတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ မျိုးညွန့်က ပြောပါတယ်။

“ပါတီဝင်တွေကိုရော ပါတီဝန်းရံသူတွေကိုရော ကိုဗစ်ကော်မတီရဲ့ ညွှန်ကြားချက်တွေ၊ ရွေးကောက်ပွဲဥပဒေပါ လမ်းညွှန်ချက်တွေကိုလိုက်နာဖို့ အကြိမ်ကြိမ်စာထုတ်ခဲ့ပါတယ်။ အခုသက်ဆိုင်ရာ တာဝန်ရှိတဲ့ အာဏာပိုင်တွေက စာထုတ်လာတဲ့အခါ ကြိုဆိုပါတယ်။ ကျွန်တော်တို့က ပြည်သူလုထုဖြစ်တယ်။ အထူးသဖြင့် မိမိတို့ကို ဝန်းရံတဲ့ မဲဆန္ဒရှင်တွေဖြစ်တဲ့အခါမှာ ကျွန်တော်တို့ အနူးအညွတ် မေတ္တာရပ်ခံတာမျိုးပဲ လုပ်လို့ရတယ်။ အာဏာပိုင်တွေက အခုလိုအမိန့်တွေ ထုတ်လာပြီးတော့ ဥပဒေကြောင်းအရ ဆောင်ရွက်မယ် ဆိုတဲ့အခါမှာ ဒီအချက်ကိုပြပြီးတော့ ဝန်းရံသူတွေကို ဥပဒေနဲ့အညီဆောင်ရွက်ဖို့ ထပ်မံတိုက်တွန်းရမှာပေါ့။"

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေးပါတီတွေ မဲဆွယ်စည်းရုံးတဲ့အခါ ကျန်းမာရေးလုပ်ငန်း လမ်းညွှန်ချက်နဲ့အညီ နေရာအနေအထား အကျယ်အဝန်းပေါ် မူတည်ပြီး တစ်ကြိမ်မှာ လူ ၅၀ ထက်မပိုစေဘဲ ၆ ပေအကွာ နေရာချပေးဖို့ ညွှန်ကြားထားတာပါ။

ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦးကတော့ မြေပြင်အခြေအနေကို ရွေးကောက်ပွဲ ကော်မရှင်က မစောင့်ကြည့်နိုင်ရင် အင်အားပြပြိုင်ဆိုင်မှုတွေက ရှိနေဦးမှာပဲလို့ ထောက်ပြပါတယ်။

“တကယ်တမ်းတော့ အမိန့်တစ်ခုသတ်မှတ်ချက်တစ်ခုကို ထုတ်လိုက်တယ်ဆိုရင် မထွက်အောင် ဘယ်လိုဟန့်တားမှု လုပ်မလဲ။ တကယ် လက်တွေ့ထွက်လာတဲ့အခါမှာ အုပ်ချုပ်ရေးပိုင်းဆိုင်ရာကနေပြီး ပထမအဆင့် ဟန့်တားမှုမျိုး ဆောင်ရွက်ပေးရမယ်။ အဲလိုမှ မဟုတ်ဘဲနဲ့ အမိန့်သပ်သပ် ဟန့်တားမှု မရှိရင် သူထွက်ကိုယ်ထွက်ထွက်ကုန်ကြတဲ့ သဘောမျိုးမြင်တယ်။”

နိုင်ငံရေးပါတီတွေ၊ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေ မဲဆွယ်စည်းရုံးတဲ့အခါ သတ်မှတ်လူဦးရေ ကျော်လွန်တာ၊ တစ်ဦးနဲ့တစ်ဦး ၆ ပေအကွာ ထားပေးရမယ့်အချက်ကို လိုက်နာမှု အားနည်းတာ၊ ဝန်းရံပြည်သူတွေ ကလည်း ထုတ်ပြန်ထားတဲ့ စည်းကမ်းတွေကို လိုက်နာမှု အားနည်းတာတွေ တေ့ွရတယ်လို့ အောက်တိုဘာ ၂၄ရက်က ကော်မရှင် ကြေညာချက်မှာ ပါရှိပါတယ်။

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ တွဲဖက်အထွေထွေအတွင်းရေးမှူး (၁) ဒေါ်နှင်းနှင်းမွှေးကတော့ ရွေးကောက်ပွဲကော်မရှင်ဟာ အမိန့် ညွှန်ကြားချက်တွေပဲထုတ်ပြီး အရေးယူဆောင်ရွက်မှု အားနည်းတယ်လို့ ဝေဖန်ပါတယ်။

“UEC က ထုတ်ပြန်တဲ့ အမိန့်တွေ အမိန့်သက်သက်ပဲလားဆိုပြီး မေးခွန်းထုတ်စရာရှိတယ်။ ကျွန်မတို့ နားလည်တာက အမိန့်တို့၊ စည်းကမ်းတို့ ဥပဒေတို့ဆိုတာ အဲဒီနောက်မှာ နောက်ဆက်တွဲလိုက်နာရမယ့် ကိစ္စတွေရှိတယ်။ ကျွန်မတို့ကလူတွေ ထိခိုက်တာတော့ မကြိုက်ပါဘူး။ ဒါပေမဲ့ အခုလက်ရှိအခြေအနေက ကိုဗစ် 19 က အင်မတန်ကူးစက်မြန်တဲ့အခါ အခုဘယ်လိုပဲထိန်းချုပ်နိုင်တယ်ပြောပြော လက်တွေ့အခြေအနေ က ကူးစက်မှုနှုန်းတွေ များနေသေးတယ်။ လူအသေအပျောက်တွေ များနေသေးတယ်ဆိုတာက ငြင်းလို့မရတဲ့ အခြေအနေဖြစ်တယ်။ အဲဒီအခြေအနေမှာတော့ ကြပ်ကြပ်မတ်မတ် ဒါတွေကိုဆောင်ရွက်သင့်တယ်လို့ ထင်တယ်။"

နိုင်ငံရေးပါတီတချို့ရဲ့ဝေဖန်မှုနဲ့ ပတ်သက်ပြီး သမ္မတအိမ်တော် ပြောခွင့်ရအရာရှိ၊ ရွေးကောက်ပွဲ ကော်မရှင်တို့ကို ဒီကနေ့ မေးမြန်းဖို့  ကြိုးစားပေမယ့် အဆက်အသွယ် မရခဲ့ပါဘူး။

နေအိမ်တွေမှာပဲနေထိုင်ကြဖို့ အမိန့်ထုတ်ထားတဲ့ ပုသိမ်မြို့မှာ အောက်တိုဘာလအတွင်း လူစုလူဝေးနဲ့ အင်အားပြလှည့်လည်ထောက်ခံခဲ့တဲ့ NLD နဲ့ USDP ဝန်းရံသူ ၂၂ ယောက်ကို မြို့နယ်အုပ်ချုပ်ရေးမှူးက သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးဥပဒေ ပုဒ်မတချို့နဲ့ အမှုဖွင့်ထားပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ထိန်းချုပ်ရေးကာလအတွင်း မဲဆွယ်စည်းရုံးမှုတွေမှာ စည်းကမ်းသတ်မှတ်ချက်တွေနဲ့ မညီတဲ့ လူစုလူဝေးနဲ့ အင်အားပြလှည့်လည်နေတာတွေ ရှိပေမယ့် အရေးယူတာ နည်းတဲ့အပေါ် ဝေဖန်နေကြပါတယ်။

------------
(၂၀၂၀ ရွေးကောက်ပွဲဝင်မယ့် အထင်ကရ နိုင်ငံရေးပါတီတွေ၊ ရွေးကောက်ပွဲဆိုင်ရာ အချက်အလက်တွေနဲ့ သတင်းပေးပို့ချက်တွေကို RFA ရွေးကောက်ပွဲအထူးအစီအစဉ် စာမျက်နှာမှာ တစုတစည်းတည်း လေ့လာကြည့်ရှုနိုင်ပါတယ်။)

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။