ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ တပ်ရဲ့တောင်းဆိုချက်ကို ကော်မရှင်ပယ်ချ

သက်စုအောင်၊ သီဟထွန်း
2020-12-08
Share

တပ်မဲရုံတွေကို ပြန်စစ်နေတဲ့ကိစ္စနဲ့ပတ်သက်ပြီး ရွေးကောက်ပွဲဆိုင်ရာ စာရွက်စာတမ်းတွေကို ကူးယူခွင့်ပြုဖို့ တပ်မတော်ရဲ့ တောင်းဆိုချက်ဟာ၊ ဥပဒေနဲ့မညီတဲ့အတွက် ခွင့်မပြုနိုင်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က နိုဝင်ဘာ ၇ ရက် မနေ့က ကြေညာချက် ထုတ်ပြီး ငြင်းပယ်လိုက်ပါတယ်။

ကော်မရှင်ရဲ့ ကြေညာချက်နဲ့ပတ်သက်ပြီး အသေးစိတ်သိနိုင်ဖို့အတွက် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကို RFA က ဖုန်းနဲ့ရော အီးမေးလ်နဲ့ပါ ဆက်သွယ် မေးမြန်းခဲ့ပေမယ့် ပြန်လည်ဖြေကြားတာ မရှိပါဘူး။

မန္တလေးတိုင်း ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးရှိန်ဝင်း ကတော့ မန္တလေးတိုင်း၊ သပိတ်ကျင်းအခြေစိုက် စစ်တပ်က ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို တောင်းခံလာပေမယ့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ ညွှန်ကြားချက် အတိုင်းပဲ လိုက်နာဆောင်ရွက်နေတယ်လို့ ပြောပါတယ်။

"မဲဆွယ်စည်းရုံးရေးကာလ မတိုင်မီတုန်းက ကျနော်တို့ မဲစာရင်းတွေ တောင်းရင် ပေးရပါတယ်ဗျ။ သူတို့ရဲ့ မဲဆန္ဒနယ်ပေါ့ဗျာ၊ ဥပမာ ခင်ဗျားက မရမ်းကုန်းပြိုင်တယ်ဆိုရင် မရမ်းကုန်းမြို့နယ် မဲစာရင်းကို ခင်ဗျားက တောင်းရင် ပေးရတယ် အခမဲ့ပေးရတယ်၊ အဲဒါ မဲဆွယ်စည်းရုံးရေးကာလမှာ သူအသုံးပြုဖို့ပေါ့ဗျာ သူ့မဲဆန္ဒနယ်မှာ မဲဆန္ဒရှင် ဘယ်နှစ်ယောက်ရှိသလဲ၊ ကျားမ ဘယ်နှစ်ယောက် ရှိသလဲပေါ့၊ ဒီနောက်ပိုင်း ကတော့ ဥပဒေအရ ပေးခွင့်ဆိုတာက ရက်သတ်မှတ်တဲ့ ကာလသတ်မှတ်ချက်က မရှိတော့ဘူးဗျ အဲလိုပဲ နားလည်ပါတယ်။ ပေးခွင့်ရှိပေမယ့်လည်း သူ့ကာလသတ်မှတ်ချက်ရှိတယ်လေ၊ ဒီအချိန်ကာလ သတ်မှတ်ချက်ကလည်း မရှိတော့ ဘူးဆိုတော့ UEC က မပေးနဲ့လို့ ညွှန်ကြားရင် ကျနော်တို့က လိုက်နာဖို့ပဲ ရှိပါတယ်။"

နိုဝင်ဘာလ ၇ ရက် မနေ့ကထုတ်ပြန်တဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ ကြေညာချက်မှာ တိုင်းဒေသကြီးနဲ့ ပြည်နယ်တချို့ရှိ တပ်ရင်းတပ်ဖွဲ့တွေက ကန့်ကွက်လွှာတင်ဖို့ဆိုပြီး၊ သက်သေခံဥပဒေ ပုဒ်မ ၇၄ ၊ ၇၆ တို့ကို ကိုးကားပြီး ကြိုတင်မဲဆိုင်ရာ အချက်အလက်တွေနဲ့၊ ရွေးကောက်ပွဲနေ့မှာပေးခဲ့တဲ့ ဆန္ဒမဲတွေနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို မိတ္တူကူးယူခွင့်ပြုဖို့ သက်ဆိုင်ရာမြို့နယ် ကော်မရှင်အဖွဲ့ခွဲတွေထံကို တောင်းခံလာတယ်လို့ ဖော်ပြထားပါတယ်။

ဒါပေမဲ့ သက်သေခံဥပဒေ ပုဒ်မ ၁ နဲ့ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေပြဌာန်းချက်တွေအရ ရွေးကောက်ပွဲ ခုံအဖွဲ့ကနေ ရွေးကောက်ပွဲ ကန့်ကွက်မှုတွေကို စစ်ဆေးတဲ့အခါမှသာ၊ သက်သေခံဥပဒေပါ ပြဌာန်းချက်တွေကို ကျင့်သုံးဆောင်ရွက်ခွင့်ရှိတာ ဖြစ်ပါတယ်။

ဒါကြောင့် တပ်မတော်ရဲ့ တောင်းဆိုချက်ကို ခွင့်ပြုလိုက်မယ်ဆိုရင် ဥပဒေနဲ့မညီတဲ့ လုပ်ဆောင်ချက်ကို ခွင့်ပြုသလို ဖြစ်နေမယ်လို့လည်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ကော်မရှင်ရဲ့ ငြင်းပယ်ချက်အပေါ် အမြင်သဘောထားကို သိနိုင်ဖို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့အကြိမ်ကြိမ် ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့် ကတော့ ကော်မရှင်ဟာ ဥပဒေမှာပါတဲ့အတိုင်း ထုတ်ပြန်တာဖြစ်ပြီး၊ တပ်မတော်ကသာ ကိုယ့်မှာ မရှိတဲ့တာဝန်ကို ကျော်လွန်ပြီး လုပ်ဆောင်နေတယ်လို့ မှတ်ချက်ပေးပါတယ်။

"ဒါက ဥပဒေအရ သတ်မှတ်ထားတဲ့ဟာဗျ။ အဲဒီတော့ ဒီဥပဒေက right to know လေ ဒီဟာက သိခွင့်ရှိတယ်၊ ဒီဟာနဲ့ ဆန့်ကျင် တယ်ဆိုရင် အဲဒီဥပဒေကို ပြဌာန်းဖို့ ကြိုးစားရမှာပဲ၊ လက်ရှိ ဥပဒေကိုတော့ သိခွင့်ရှိတယ်။ အဲဒါကြောင့် ဥပဒေက မည်သို့ဆိုစေ မိတ္တူကူးခွင့် ပြုပါမယ်ဆိုတာကတော့ ဒါ နည်းနည်း ဒီမိုကရေစီနိုင်ငံတစ်ခုရဲ့ လုပ်ထုံးလုပ်နည်း မဟုတ်ဘူးထင်တယ်ခင်ဗျ။"

နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာအောင်မျိုး ကတော့ ဒေါက်တာမျိုးညွန့်ရဲ့ အမြင်နဲ့ ဆန့်ကျင်ပါတယ်။ တပ်မဲရုံတွေကို ပြန်စစ်ဆေးနေတဲ့ တပ်မတော်ရဲ့လုပ်ရပ်က ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ညီညွတ်တယ်လို့ ဒေါက်တာ အောင်မျိုးက ပြောပါတယ်။

"၆ (စ) မှာ တပ်မတော်က ဦးဆောင်တာတို့၊ ၂၀ (စ) က တပ်မတော်က Safe Guardian အတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ပိုင်ခွင့် ရှိသည် ဆိုပြီးတော့ ရေးထားတာပေါ့နော်၊ National Solidarity အမျိုးသားစည်းလုံးညီညွတ်မှု မပြိုကွဲအောင် စောင့်ရှောက်ဖို့ တာဝန်ရှိတယ်ဆိုပြီးတော့ ပေးထားတဲ့အတွက်ကြောင့်မလို့ ဖွဲ့စည်းပုံ အခြေခံဥပဒေက ပြဌာန်း ထားတဲ့အတွက်ကြောင့်မလို့ တပ်မတော်မှာ အချက်လေးချက်အပေါ် မူတည်ပြီးတော့မှ တပ်မတော်က ဒါကို လုပ်ပိုင်ခွင့် ရှိတယ်ဆိုပြီးတော့ သွားတွေ့တယ်။"

၂၀၂၀ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော် ကတော့ တပ်မတော်ဟာ နိုင်ငံရေးမှာ ဝင်မပါဘဲ သီးသန့်နေသင့်တယ်လို့ မှတ်ချက်ပေးပါတယ်။

"တပ်မတော်အနေနဲ့ နိုင်ငံရေးကိစ္စတွေမှာ တတ်နိုင်သမျှမပါဘဲ သူ့ဘာသာသူနေတာ အကောင်းဆုံး ဖြစ်လိမ့်မယ်လို့ ကျနော်အနေနဲ့ ယူဆတယ် ဒါကတစ်ချက်ပေါ့၊ နောက် ဒုတိယတစ်ချက်က ဒေါက်တာ အောင်မျိုး ပြောသွားပါတယ် အမျိုးသား သွေးစည်းညီညွတ် ရေးနဲ့ ပတ်သက်လို့၊ အမျိုးသားသွေးစည်းညီညွတ်ရေးနဲ့ ပတ်သက်တဲ့ကိစ္စကိုပြောမယ်ဆိုရင် တိုင်းပြည်မှာရှိတဲ့ နိုင်ငံရေးပါတီတွေ ရှိတယ်၊ ကျနော်တို့ တိုင်းပြည်မှာ တိုင်းရင်းသား အဖွဲ့အစည်းတွေရှိတယ်။ ဒီအဖွဲ့အစည်းတွေ ဒီအင်အားစုတွေရဲ့ အခန်းကဏ္ဍက အရှေ့ကို ပို့ရမှာဖြစ်တယ်။"

လက်ရှိဖြစ်နေတဲ့ ရွေးကောက်ပွဲအငြင်းပွားမှု၊ နိုင်ငံရေးအငြင်းပွားမှုတွေကို အေးအေးချမ်းချမ်းဖြစ်စေချင်ပြီး ရွေးကောက်ပွဲတွေကတဆင့် ဒီမိုကရေစီဖော်ဆောင်မှုတွေကို တိုးတက်စေချင်တယ်လို့လည်း ဦးအောင်မိုးဇော်က ဆိုပါတယ်။

တပ်မတော်က ၂၀၂၀ ရွေးကောက်ပွဲကို လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲအဖြစ် သံသယကင်းဖို့အတွက် မြို့နယ် ၂၁၈ ခုက တပ်မတော် သားတွေနဲ့ တပ်မိသားစုဝင်တွေရဲ့ မဲပေးတဲ့ဖြစ်စဉ်တွေကို ပြန်စိစစ်နေကြောင်း၊ ဒီလို စစ်ဆေးတဲ့အခါ လိုအပ်တဲ့စာရွက်စာတမ်းတွေကို မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတွေထံကနေ ကူးယူနိုင်အောင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ခွင့်ပြုပေးဖို့ တပ်မတော် က နိုဝင်ဘာ ၃၀ ရက်နေ့က ကြေညာချက်ထုတ်ပြီး တောင်းဆိုထားတာပါ။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကတော့ ရွေးကောက်ပွဲဆိုင်ရာ စာရွက်စာတမ်းတွေကို မိတ္တူကူးယူခွင့် ပြုရမယ်ဆိုတာကို သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲဥပဒေတွေနဲ့ နည်းဥပဒေတွေမှာ ပြဌာန်းထားတာမျိုး မရှိကြောင်း၊ ဒီစာရွက်စာတမ်းတွေကို နောက်တစ်ကြိမ် အထွေထွေရွေးကောက်ပွဲ ကျင်းပပြီးစီးတဲ့အထိ မပျောက်ပျက်အောင် ထိန်းသိမ်းထားဖို့လိုကြောင်း တပ်မတော်ကြေညာ ချက်ကို တုံ့ပြန်ခဲ့ပါတယ်။

ရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့လှုပ်ရှားမှုအဖွဲ့ရဲ့ အမှုဆောင်ဒါရိုက်တာ စိုင်းရဲကျော်စွာမြင့် ကတော့ ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ သတင်းအချက်အလက်တွေဟာ၊ အများပြည်သူပိုင် သတင်းအချက်အလက်တွေ ဖြစ်တာကြောင့် အများပြည်သူက သိချင်တယ်ဆိုရင် မိတ္တူကူးခွင့်ရှိသင့်တယ်လို့ မှတ်ချက်ပေးပါတယ်။

ဒါ့အပြင် ရွေးကောက်ပွဲအလွန်မှာ နိုင်ငံရေး ပိုပြီးတည်ငြိမ်မှုရအောင် ရွေးကောက်ပွဲကော်မရှင်အနေနဲ့ ဥပဒေမှာ မပါလို့ ဆောင်ရွက်ဖို့ မရှိဘူးဆိုတာမျိုးထက်၊ အငြင်းပွားစရာရှိနေတာကို အမြန်ဆုံးတွေ့ဆုံ ရှင်းလင်းပြီး အဖြေရှာတာမျိုးကို အလေးထားဆောင်ရွက်သင့် တယ်လို့ အကြံပြုတိုက်တွန်းပါတယ်။

"ဒါနိုင်ငံရေးဆိုင်ရာ ပြဿနာဖြစ်တယ်၊ ဒါကိုရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေးအရ ဖြေရှင်းဖို့ သဘောကတော့ဗျာ တွေ့ဆုံဆွေးနွေးတာမျိုး ရှင်းပြတာမျိုး ဥပဒေမူဘောင်နည်းထဲမှာ ပါပါ မပါပါဗျာ လုပ်လို့ရတယ်၊ ဥပမာဆိုရင် Covid 19 ဖြစ်တဲ့အတွက်ကြောင့်မလို့ ကိုယ့်ရဲ့မြို့ရွာကို မပြန်နိုင်တဲ့သူတွေကို ပုံစံ ၁၅ နဲ့ မဲပေးခွင့်ပေးတယ်၊ အဲဒါ ဥပဒေထဲမှာလည်း မရှိဘူး နည်းဥပဒေထဲမှာလည်း မရှိဘူး၊ ဒါဟာ အခြေအနေ အချိန်အခါ လိုအပ်ချက်အပေါ်မှာ အသစ်တည်ထွင်လိုက်တဲ့ဟာပဲ ဒါက အင်မတန်ကောင်းတဲ့ ကိစ္စပဲ၊ ကော်မရှင်က အဲဒါကို ဥပဒေမူဘောင် ဥပဒေမူဘောင်နဲ့ ပြောနေရင် ပြဿနာတွေက ပြေလည်မှာ မဟုတ်ဘူး၊ ကျနော်ကတော့ ဥပဒေမူဘောင်တွေကို ကိုးကားပြီး ငြင်းဆန်နေမယ့်အစား ဒီသံသယတွေကို အငြင်းပွားမှုတွေကို ဖြေရှင်းမှ ရွေးကောက်ပွဲအလွန်ကာလမှာ ပိုပြီးတော့ တည်ငြိမ်မယ်။"

ရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့တဲ့ အတိုက်အခံ အင်အားကြီးပါတီဖြစ်တဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (USDP) အပါအဝင် မိတ်ဖက် နိုင်ငံရေးပါတီ ၁၉ ပါတီက ရွေးကောက်ပွဲမှာ မဲမသမာမှုနဲ့ တရားမဲ့ပြုကျင့်မှုတွေ ရှိခဲ့တဲ့အတွက် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကို အရေးယူပေးဖို့ နိုဝင်ဘာလ ၂၅ ရက်နေ့က နိုင်ငံတော် သမ္မတဆီ အိတ်ဖွင့် ပေးစာတစ်စောင် ပေးပို့ပြီး တောင်းဆိုထားပါတယ်။

အလားတူ USDP ပါတီကလည်း မဲစာရင်းကြေညာချက် အလွဲတွေနဲ့ မဲလက်မှတ် ဖောင်းပွမှုတွေအတွက် ပွင့်လင်းမြင်သာမှု ရှိစေရန် ရှင်းလင်းသင့်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကို ဒီဇင်ဘာလ ၆ ရက်နေ့က အိတ်ဖွင့်ပေးစာ ပေးပို့တောင်းဆိုထားပါတယ်။

------------
(၂၀၂၀ ရွေးကောက်ပွဲဝင်မယ့် အထင်ကရ နိုင်ငံရေးပါတီတွေ၊ ရွေးကောက်ပွဲဆိုင်ရာ အချက်အလက်တွေနဲ့ သတင်းပေးပို့ချက်တွေကို RFA ရွေးကောက်ပွဲအထူးအစီအစဉ် စာမျက်နှာမှာ တစုတစည်းတည်း လေ့လာကြည့်ရှုနိုင်ပါတယ်။)

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

ဆိုက်တခုလုံးသို့