ကျောင်းသားခေါင်းဆောင် ကိုလှမျိုးနောင် ကွယ်လွန်


2014.11.28
hlamyonaung-305.jpg ကိုလှမျိုးနောင်ပုံ
Photo: 88 Facebook

ရှစ်လေးလုံး လူထုအရေးတော်ပုံမှာ ဦးဆောင်ပါဝင်ခဲ့တဲ့ ကျောင်းသားခေါင်းဆောင် ကိုလှမျိုးနောင်ဟာ ဒီနေ့ မနက်ပိုင်းက ရန်ကုန်မြို့ စံပြဆေးရုံမှာ ကွယ်လွန်သွားပါတယ်။

အသက် ၄၇ နှစ်အရွယ်ရှိပြီး အသည်းရောဂါနဲ့ ကွယ်လွန်ခဲ့တာလို့ ကိုလှမျိုးနောင် ဆေးရုံတက်စဉ် ကူညီပေးခဲ့တဲ့ နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့က ကိုထွန်းကြည်က ပြောပါတယ်။

"ဝေဒနာကတော့ အသည်းခြောက်တာပဲလေ၊ နှလုံးကြီးတယ်၊ ဦးနှောက်အမြှေးပါးရောင်တယ်၊ ဒီနေ့မနက် ၈ နာရီ ၄ဝ မှာ ဆုံးသွးတာပါ"

ကိုလှမျိုးနောင်ဟာ ရန်ကုန် ဝိဇ္ဇာ-သိပ္ပံတက္ကသိုလ်မှာ ဥပဒေပညာအဓိကနဲ့ ပညာသင်ကြားနေစဉ် ၁၉၈၈ အရေးအခင်းမတိုင်မီ မတ်လ ကျောင်းသားအရေးအခင်း မှာ ဦးဆောင်ပါဝင်ခဲ့တာကြောင့် ပုဒ်မ ၁၀ (ဃ) နဲ့ ထိန်းသိမ်းခံခဲ့ရပါတယ်။

ပြီးခဲ့တဲ့ ၁၉၈၈ ခုနှစ် ဇူလိုင်လမှာ ပြန်လည်လွတ်မြောက်ခဲ့ပြီး ကျောင်းသားများ ဒီမိုကရေစီအဖွဲ့မှာ ဒုတိယဥက္ကဌ တာဝန်ယူခဲ့သလို ၁၉၈၈ အရေးအခင်းကာလမှာလည်း မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ များ ဖြစ်မြောက်ရေးအဖွဲ့မှာ ဦးဆောင်လှုပ်ရှားခဲ့ပါတယ်။ အဲဒီ့နောက် ထိုင်းနယ်စပ် ကရင်ပြည်နယ်ထဲမှာ တောခို ခဲ့ပြီး ပြည်တွင်းလှုပ်ရှားမှုတွေ ပြန်လည်လုပ်ဆောင်ခဲ့ပါတယ်။ ၁၉၈၉ ခုနှစ်မှာ ထောင်ကျခဲ့ပြီး ၂၀၀၅ မှာ ပြန်လွတ် လာတဲ့အခါ ၈၈ မျိုးဆက်ကျောင်းသားများ အဖွဲ့မှာ ပါဝင်လှုပ်ရှားခဲ့ပါတယ်။ ၂၀၀၇ ခုနှစ်မှာတော့ ကုန်ဈေးနှုန်း ကျဆင်းရေးအတွက် လမ်းလျှောက်ဆန္ဒပြခဲ့တဲ့အတွက် သြဂုတ်လမှာ အဖမ်းခံခဲ့ရပြီး ထောင်ဒဏ် ၆၅ နှစ် ချမှတ်ခံခဲ့ရပါတယ်။

အင်းစိန်၊ မြစ်ကြီးနား ၊ မန္တလေး အိုးဘိုအကျဉ်းထောင်တွေမှာ အကျဉ်းကျခဲ့ပြီး ၂၀၁၂ ခုနှစ် ဇန်နဝါရီလမှာ ပြန်လည်လွတ်မြောက်ခဲ့ရာ ၈၈ မျိုးဆက် ငြိမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းမှာ ပါဝင်ခဲ့ပါတယ်။

ကိုလှမျိုးနောင်ဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ပတ်သက်ပြီး သတင်းဂျာနယ်တွေမှာ ဆောင်းပါးနဲ့ သုံးသပ်ချက်တွေ ရေးသားခဲ့ပြီး ဗေဒါနိုင်ငံရေးသိပ္ပံကျောင်းမှာလည်း ဖွဲ့စည်းပုံအကြောင်း ပို့ချပေးနေသူတစ်ဦးဖြစ်တယ်လို့ သိရပါတယ်။

သူ့ရဲ့ရုပ်အလောင်းကို လာမယ့် နိုဝင်ဘာလ ၃၀ ရက်နေ့ ရေဝေးသုဿာန်မှာ မီးသြင်္ဂိုဟ်မယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။