ဗြိတိန် လွှတ်တော်အမတ်ရဲ့ မြန်မာနိုင်ငံ ခရီးစဉ်အကြောင်း ရှင်းလင်း


2013.05.21

ဗြိတိန်လွှတ်တော်အမတ် Ms Rushanara Ali ရဲ့ ရခိုင်ပြည်နယ်ကိုသွားခဲ့စဉ်က ကြုံတွေ့ခဲ့တဲ့ ရိုဟင်ဂျာမူဆလင်တွေ ဒုက္ခသည်တွေရဲ့ အခြေအနေကို ဗြိတိသျှ ပါလီမန်အဆောက်အဦးအတွင်းက အစည်းအဝေးခန်းမဆောင်တစ်ခုမှာ ဒီကနေ့မနက်ပိုင်းက ရှင်းလင်းပြောကြားခဲ့ပါတယ်။

ထောင်ချီတဲ့ ရိုဟင်ဂျာမူဆလင် ဒုက္ခသည်တွေနေတဲ့ ဒုက္ခသည်စခန်းတွေမှာ သောက်ရေနဲ့ အစားအစာမလုံလောက်မှုတွေ၊ ကျန်းမာရေးစောင့်ရှောက်မှုတွေ ချို့တဲ့နေတာတွေ၊ သန့်ရှင်းမှုမရှိတာတွေကို တွေ့ခဲ့တဲ့အကြောင်း၊ နောက်ပေါက်တောမှာရှိတဲ့ ဒုက္ခသည်အမျိုးသမီးတွေက မီးဖွားဖို့အတွက် နီးစပ်ရာဆေးရုံဆေးခန်းတွေမှာ မီးဖွားခွင့်မရှိတဲ့အတွက် အသက်ဆုံးရှုံးခဲ့တာတွေရှိတယ်ဆိုတာကို အဲဒီစခန်းတွေက ဒုက္ခသည်အမျိုးသမီးတွေက သူ့ကိုပြောပြတဲ့အကြောင်း Ms Ali က ဆက်လက်ပြောပြပါတယ်။

ဆက်လက်ပြီး Ms Ali က  အိုးမဲ့အိမ်မဲ့ဖြစ်နေတဲ့ ရိုဟင်ဂျာမူဆလင်တွေဟာ ရခိုင်လူမျိုးတွေရဲ့ တိုက်ခိုက်ရန်မူလာမယ့် အခြေအနေတွေကို ကြောက်လန့်နေကြောင်း၊ နောက်သူတို့ရဲ့ မူလနေထိုင်တဲ့နေရပ်ကို ပြန်နေဖို့အတွက်ဆိုရာမှာလည်း သူတို့ရဲ့လုံခြုံမူကို ခြိမ်းခြောက်နေကြောင်း ရှင်းလင်းပြောကြားပါတယ်။

အဲဒီအစည်းအဝေးပွဲမှာ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ UK ရဲ့ ဒါရိုက်တာ Mr David Mepham က သူတို့အဖွဲ့ကနေထုတ်ပြန်လိုက်တဲ့   “All you can do is Pray: Crime Against Humanity and Ethnic Cleansing of Rohingya Muslims in Burma’s Rakhine State” “ ဆုတောင်းနေရုံသာ လုပ်နိုင်တယ်လို့ အမည်ပေးထားတဲ့  ရခိုင်ပြည်နယ်တွင်းက ရိုဟင်ဂျာမူဆလင်တွေကို ရှင်းလင်းသုတ်သင်ရေးနဲ့ လူသားဖြစ်ခွင့်အပေါ်ဆန့်ကျင်တဲ့ ရာဇဝတ်ပြစ်မှု”  ဆိုတဲ့ မှတ်တမ်းအကြောင်းကို ရှင်းပြခဲ့ပါသေးတယ်။

Ms Ali က သူ့ခရီးစဉ်ရဲ့ အတွေ့အကြုံကနေတဆင့် ရခိုင်ပြည်နယ်နဲ့ မြန်မာနိုင်ငံအတွင်းကို ပေးပို့တဲ့အကူအညီတွေကို မြန်မာအစိုးရကနေ ပိတ်ပင်ဟန့်တားမှုမရှိစေဖို့ နဲ့ မုတ်သုန်ရာသီကို ရောက်လာပြီဖြစ်တဲ့အတွက် ရခိုင်ပြည်နယ်အတွင်းက ဒုက္ခသည်စခန်းတွေမှာ အမိုးအကာ၊ ဆေးဝါးနဲ့  ရှင်းသန့်ရေးအကူအညီတွေ အမြန်ဆုံးပေးရေးကို UK အစိုးရနဲ့ နိုင်ငံတကာအစိုးရတွေကနေ မြန်မာအစိုးရကို ဖိအားပေးဖို့လိုအပ်ကြောင်း၊ အဲဒီနောက် မြန်မာနိုင်ငံတွင်းက ခွဲခြားဆက်ဆံခံနေရတဲ့ ရိုဟင်ဂျာ မွတ်စလင်တွေအတွက် ၁၉၈၂ ခုနှစ် နိုင်ငံသားဖြစ်ခွင့်ဥပဒေကို မြန်မာအစိုးရက ပြန်သုံးသပ်ဖို့လိုအပ်အကြောင်း Ms Ali က အဓိကထား ရှင်းလင်းပြောကြားခဲ့ပါတယ်။

Ms Ali ဟာ မြန်မာနိုင်ငံကို ဧပြီလ ၂၇ ရက်နေ့ကနေ မေလ ၂ ရက်နေ့အထိ ၂ ပတ်ကြာရောက်ရှိခဲ့ပြီး၊သူ့ရဲ့မြန်မာနိုင်ငံခရီးစဉ်အတွင်းမှာ ရန်ကုန်မြို့နဲ့ ရခိုင်ပြည်နယ်ကို သွားရောက်ခဲ့ပါတယ်။

အဲဒီအစည်းအဝေးပွဲကို ဗြိတိသျှလွှတ်တော်အမတ်တချို့ NGO အဖွဲ့အစည်းတချို့၊ လန်ဒန်အခြေစိုက် ရိုဟင်ဂျာအဖွဲ့အစည်းနဲ့ Burma Campaign UK အဖွဲ့အပါအဝင် လူပုဂ္ဂိုလ် ၅၀ နီးပါးတက်ရောက်ခဲ့ပေမယ့် လန်ဒန်မြို့က ရခိုင်လူမျိုးတွေ တက်ရောက်ခဲ့ခြင်းမရှိခဲ့တာကို တွေ့ရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။