ဦးကိုနီ လုပ်ကြံမှုမှာ ပါဝင်သူတွေ ကို လူငယ်လို့ သုံးနှုန်းမှုအပေါ် ကန့်ကွက်


2017.02.26
kyawswe-press-620.jpg ပြည်ထဲရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ဦးကျော်ဆွေ ဖေဖော်ဝါရီလ ၂၅ ရက်နေ့က သတင်းစာရှင်းလင်းပွဲကျင်းပနေစဉ်
Photo : Aung Thai Kha/RFA

တရားလွှတ်တော်ရှေ့နေ ဦးကိုနီ လုပ်ကြံခံရမှုနဲ့ပတ်သက်ပြီး ဖမ်းဆီးခံထားရသူတွေနဲ့ အမှုနဲ့ ဆက်စပ်သူတွေကို လူငယ် အဖြစ် ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ က သုံးနှုန်းပြော ကြားမှုအပေါ် လူငယ်အဖွဲ့အစည်းတွေက ကန့်ကွက်ကြောင်း ဒီနေ့ ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။

အသက်လေးဆယ်ကျော် ငါးဆယ်နီးပါး ပုဂ္ဂိုလ်တွေရဲ့ လုပ်ရပ်ကို လူငယ်သဘာဝဆိုပြီး ပုံမှားရိုက်တဲ့ ကိစ္စကို သမိုင်းအမှားအနေနဲ့ မတွင်စေချင်ဘူးလို့ ရန်ကုန်လူငယ်ကွန်ရက် ဥက္ကဌ မသဉ္ဇာရွန်းလဲ့ရည် က ပြောပါတယ်။

"အသက်လေးဆယ်ကျော် ငါးဆယ်နီးပါး ဒီပုဂ္ဂိုလ်တွေဟာ လူငယ်သဘာ၀ လက်ဖက်ရည်ဆိုင်မှာထိုင်ပြီး အဆင်ခြင်မဲ့လုပ်ကြကိုင်ကြတယ်လို့ ပုံသဏ္ဍန်အသွင်ဖမ်းပြီး လူငယ်သဘာဝဆိုပြီးစကားလုံးကို ပုံဖျက်သုံးသွားတယ်။ ဆင်သေကိုဆိတ်သရေနဲ့ဖုံးသလို ဒီကိစ္စကြီးကို လူငယ်ဆိုပြီး ပုံမှားရိုက်တယ်လို့ ကျမတို့ခံစားရတယ်။ ဒီကိစ္စမှာ လူငယ်မဟုတ်တဲ့လူကြီးတွေ ကျူးလွန်တဲ့ကိစ္စကို သမိုင်းမှာ သမိုင်းအမှားအနေနဲ့ မတွင်စေချင်ဘူး"

ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေက မနေ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ လူငယ်သဘောသဘာဝအရ မကျေနပ်ချက်တွေကြောင့် လုပ်ကြံသတ်ဖြတ်ခဲ့တယ်ဆိုပြီး ပြောကြား ချက်အပေါ် ကန့်ကွက်တာဖြစ်ပါတယ်။

အဲဒီကြေညာချက်ကို ပြည်ထဲရေးဝန်ကြီးဌာနထံ ပေးပို့သွားမယ်လို့လည်း ပြောပါတယ်။

ရှေ့နေ ဦးကိုနီကို သေနတ်နဲ့အနီးကပ် လုပ်ကြံခဲ့တဲ့ ကြည်လင်း ဟာ အသက် ၅၃ နှစ် ရှိပြီဖြစ်ပြီး အမှုနဲ့ဆက်စပ်သူတွေဖြစ်တဲ့ အောင်ဝင်းဇော် က အသက် ၄၆ နှစ်၊ အောင်ဝင်းခိုင် က အသက် ၄၅ နှစ်၊ ဇေယျာဖြိုး က အသက် ၄၂ နှစ် ရှိပြီဖြစ်တယ်လို့ မနေ့က သတင်းစာရှင်းလင်းပွဲမှာ ထုတ်ဖော် ပြောကြားခဲ့ပါတယ်။

လက်ရှိ မြန်မာနိုင်ငံမှာ အသက် ၁၆ နှစ်ကနေ ၃၅ နှစ် ကြား အသက်အရွယ်ရှိသူတွေကို လူငယ်အဖြစ် သတ်မှတ်ထားတာဖြစ်ပါတယ်။

ရာဇဝတ်မှုကျူးလွန်တာမှာ လူကြီး၊ လူငယ်၊ ကလေး စတဲ့ အသက်အရွယ်ကြောင့် ကျူးလွန်တာ မဟုတ်ဘဲ အတွေးအခေါ်၊ စိတ်ပိုင်းဆိုင်ရာ ခံစားချက်တွေကြောင့်သာဖြစ်ကြောင်း ပြည်ထဲရေး ဝန်ကြီးရဲ့ ပြောကြားချက်အရ လူငယ်တွေကသာ စိတ်လိုက်မာန်ပါ လုပ်တတ်ပြီး ပုဂ္ဂိုလ်ရေး မကျေနပ်မှုကို လူသတ်တဲ့အထိ ဆောင်ရွက်တတ်ကြတဲ့ သဘောမျိုး သက်ရောက်နေကြောင်း ကြေညာချက်မှာ ပါရှိပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။