ဒေါ်အောင်ဆန်းစုကြည်လွှတ်ပေးရုံဖြင့် ရွေးကောက်ပွဲ တရားမျှတမည်မဟုတ်
2010.09.30
၂၀၁၀ ရွေးကောက်ပွဲ ဆန့်ကျင်သည့် ကမ္ဘာလုံးဆိုင်ရာ လှုပ်ရှားမှုအဖြစ် ဂျပန်ရောက် မြန်မာ့ ဒီမိုကရေစီရေး လှုပ်ရှားသူများ ၂၀၁၀ ခုနှစ် စက်တင်ဘာလ ၁၈ ရက်နေ့က တိုကျိုမြို့တွင် လှည့်လည် ဆန္ဒပြနေပုံ ဖြစ်ပါသည်။ (Photo: Palaung National Society-Japan)
ဒီတောင်းဆိုချက်နဲ့ ပတ်သက်ပြီး NCUB က အခုလို ဝေဖန်လိုက်တာဖြစ်ပါတယ်။
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်င ံဒီမိုကရေစီပြောင်းလဲရေးနဲ့ လူ့အခွင့်အရေး တိုးတက် လာအောင် ကြိုးပမ်းမှုတွေကို အားပေးထောက်ခံသလို အစည်းအဝေးအပြီး မြန်မာနိုင်ငံမှာ လွတ်လပ် တရားမျှတပြီး အများပါနိုင်တဲ့ ရွေးကောက်ပွဲတရပ် ကျင်းပဖို့ တောင်းဆိုတာကိုလည်း ကြိုဆိုကြောင်း စက်တင်ဘာ ၂၉ ရက် မနေ့က ထုတ်ပြန်တဲ့ NCUB ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
ဒါပေမဲ့ ရွေးကောက်ပွဲအတွက် စစ်အစိုးရ ချမှတ် ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ စနစ်ဟာ အခြေခံအားဖြင့် ဒီမိုကရေစီနဲ့ မကိုက်ညီသလို လက်ရှိအနေထားမှာလည်း ဒီမိုကရေစီနည်းကျ ရွေးကောက်ပွဲမျိုး ကျင်းပနိုင်ဖို့ မရှိဘူးလို့ ဆိုပါတယ်။
လက်ရှိအနေထားမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးခွန်ထွန်းဦးတို့လို ပြည်သူလက်ခံထားတဲ့ ခေါင်းဆောင်တွေ ပါဝင်ခွင့် ကန့်သတ်ထားသလို အတိုက်အခံနိုင်ငံရေးပါတီတွေကိုလည်း မဲဆွယ်စည်းရုံးတာကို ကန့်သတ်ပိတ်ပင်ထားကြောင်း၊ ဒါ့အပြင် စစ်အစိုးရအလိုကို မလိုက်တဲ့ တိုင်းရင်းသားအဖွဲ့တွေကို ခြိမ်းခြောက်တာတွေ ရှိနေပြီး တနိုင်ငံလုံးပြည်သူတွေအပေါ် ကြောက်ရွံ့စိတ်လွှမ်းနေအောင် လုပ်ဆောင်ထားတဲ့အတွက် ဘယ်နည်းနဲ့မှ ရွေးကောက်ပွဲဟာ အများပါဝင်နိုင်တဲ့ လွတ်လပ်၊ တရားမျှတပြီး သိက္ခာရှိတဲ့ ရွေးကောက်ပွဲဖြစ်လာမှာ မဟုတ်ကြောင်း NCUB က ဝေဖန် ထောက်ပြထားပါတယ်။









