လူမျိုးခြား ဘာသာခြားနဲ့ လက်ထပ်ထိမ်းမြားထားသူတွေက တိုင်းပြည်ကိုချစ်ပါတယ် ဆိုပြီးပြောဆိုလာရင် မယုံကြ ဖို့ နေပြည်တော် ဒက္ခိဏသီရိမြို့နယ် မှာ ရွေးကောက်ပွဲဝင်မယ့် လယ်ယာစိုက်ပျိုးရေးနဲ့ ဆည်မြောင်းဝန်ကြီး ဦးမြင့်လှိုင်က ဒီနေ့ သူ့ရဲ့မဲဆွယ် စည်းရုံးဟောပြောပွဲမှာ ဒေသခံတွေကို ပြောလိုက်ပါတယ်။
ဒက္ခိဏသီရိမြို့နယ်၊ ကျောက်ခဲအင်းကျေးရွာက ဒေသခံတွေနဲ့ တွေ့ဆုံပွဲမှာ ပြည်ခိုင်ဖြိုးပါတီရဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဝန်ကြီးဦးမြင့်လှိုင်က ပြောခဲ့တာ ဖြစ်ပါတယ်။
"ကုလားကြီးကို ယူပြီးမှ၊ ဟိန္ဒူကြီးကိုယူပြီးမှ၊ မွတ်စလင်ကြီးကိုယူပြီးမှ၊ အင်္ဂလိပ်ကြီးကိုယူပြီးမှ ကျမအမျိုးကို ချစ်ပါတယ်၊ တိုင်းပြည်ကို ချစ်ပါတယ်လို့ပြောရင် နားမထောင်ပါနဲ့"
ဦးမြင့်လှိုင်ဟာ ဒီကနေ့ သူ့ရဲ့တရားဝင် မဲဆွယ်စည်းရုံးရေးခရီးစဉ်မှာ ဒက္ခိဏသီရိ မြို့နယ်က ရွှေခဲအင်းကျေးရွာ နဲ့ ကျောက်ခဲအင်းကျေးရွာတွေကို သွားရောက်ဟောပြောခဲ့တာဖြစ်ပါတယ်။
သူဟာ ပြီးခဲ့တဲ့စက်တင်ဘာလ ၄ ရက်နေ့က သူ့ကို မဲပေးဖို့ စာသားပါတဲ့ ထီးတွေ၊ ယပ်တောင်တွေကို သူ့ကိုယ်စား လယ်ယာစိုက်ပျိုးရေးနဲ့ ဆည်မြောင်း ဝန်ကြီးဌာနက ညွှန်ကြားရေးမှူးချုပ်ဟောင်း ဦးကျော်ဝင်းက ဝေငှခဲ့ တာကြောင့် ရွေးကောက်ပွဲ ကော်မရှင်ထံ တိုင်ကြားခံထားရသူဖြစ်ပါတယ်။
ဒက္ခိဏသီရိမြို့နယ်မှာ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ဦးမြင့်လှိုင်အပြင် တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးပါတီက ဦးနိုင်မင်းနဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ဦးသန့်ဇင်ထွန်းတို့ ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။
ဒီအကြောင်း RFA သတင်းထောက် ကိုဝင်းကိုကိုလတ် သတင်းပေးပို့ထားတာ နားဆင်နိုင်ပါတယ်။