မြန်မာအစိုးရ အမြင်ကျဉ်းမြောင်းဟု ကုလမင်းကြီး ပြောကြား

2016-12-16
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Zeid Ra’ad Al Hussein ဇိုင်ရာ့ဒ်အယ်လ်ဟူစိန်ကို တွေ့ရစဉ်
ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Zeid Ra’ad Al Hussein ဇိုင်ရာ့ဒ်အယ်လ်ဟူစိန်ကို တွေ့ရစဉ်
Photo: UN Photo/Violaine Martin

ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Zeid Ra’ad Al Hussein ဇိုင်ရာ့ဒ်အယ်လ် ဟူစိန် က ရခိုင်ပြည်နယ်မြောက်ပိုင်း ပဋိပက္ခနဲ့ ပတ်သက်ပြီး မြန်မာအစိုးရရဲ့ အမြင်ကျဉ်းမြောင်းမှု၊ အကျိုးမဲ့ တလွဲတချော် လုပ်ဆောင်မှုတွေနဲ့ စာနာစိတ်ကင်းမဲ့မှုတွေကြောင့် မြန်မာပြည်နဲ့ အာရှဒေသအတွင်း ဆိုးဝါးတဲ့ ရေရှည်အကျိုး ဆက်တွေ ဖြစ်ပေါ်လာနိုင်တယ်လို့ မနေ့က ပြောကြားလိုက်ပါတယ်။

မောင်တောဒေသမှာ လူ့အခွင့်အရေးချိုးဖေါက်မှုတွေ ဖြစ်ပေါ်နေတဲ့သတင်းတွေကို မိမိတို့ နေ့စဉ်ရက်ဆက် ရရှိနေကြောင်း၊ ဒါဟာ ဒုက္ခသားကောင်ဖြစ်နေရသူတွေကို မထေမဲ့မြင် စော်ကားရာကျတဲ့အပြင် လူအခွင့်ရေး ဆိုင်ရာ နိုင်ငံတကာ ဥပဒေတွေကို ချိုးဖေါက်တာဖြစ်ကြောင်းလည်း သူကပြောပါတယ်။

ဒါ့အပြင် ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးက တကယ်လို့သာ ဘာမှာဖုံးကွယ်ထားစရာ မရှိဘူး ဆိုရင် အဲဒီဒေသကို သွားခွင့်ပြုဖို့ မိမိတို့ ထပ်တလဲလဲ တောင်းဆိုနေတာကို ဘာကြောင့် တွန့်ဆုတ်နေရတာ လဲလို့လည်း မေးခွန်းထုတ်လိုက်ပါတယ်။ မြန်မာအစိုးရဟာ အခြေအနေတွေ တနေ့တခြား ပိုပြီးဆိုးဝါး လာအောင် ပြုလုပ်နေတယ်လို့ သူကပြောပါတယ်။

တဆက်တည်းမှာပဲ ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်း အစိုးရလုံခြုံရေးတပ်ဖွဲ့ကို လက်နက်ကိုင်တွေ ဝင်ရောက် တိုက်ခိုက်မှုနဲ့ မြန်မာ့တပ်မတော် ထိပ်တန်းအရာရှိတဦး ကျဆုံးရမှုတွေနဲ့ ပတ်သက်လို့တော့ ဒါဟာ အင်မတန် ကြီးမားတဲ့ ရာဇဝတ်မှုတွေဖြစ်လို့ ကျူးလွန်သူတွေနဲ့ သူတို့နောက်ကွယ်က ကြိုးကိုင်အမိန့်ပေးနေသူတွေကိုပါ ထိထိရောက်ရောက် ဖေါ်ထုတ်အရေးယူရမှာဖြစ်ပါတယ်။

ဒါပေမဲ့ မိမိတို့ရတဲ့ သတင်းတွေအရ အစိုးရလုံခြုံရေးတပ်ဖွဲ့တွေဟာ အဲဒီဒေသမှာရှိတဲ့ မွတ်စလင်အားလုံးကို သိမ်းကြုံးအပြစ်ပေးနေတယ်လို့ ယူဆရပါတယ်၊ ဒီနေ့ကမ္ဘာကြီးမှာ အစိုးရတွေအနေနဲ့ လုံခြုံရေးပြသနာတွေကို လက်နက်နဲ့ ဖြေရှင်းရာမှာ အင်အားအလွန်အကျွံ အသုံးပြုနေကြတာဟာ ဝမ်းနည်းစရာကောင်းလှပါတယ် လို့ ပြောကြားရင်း ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Zeid Ra’ad Al Hussein ဇိုင်ရာ့ဒ်အယ်လ် ဟူစိန်က မြန်မာအစိုးရအနေနဲ့ လူ့အခွင့်ရေးချိုးဖေါက်မှုတွေကို ထိထိရောက်ရောက် အရေးယူပါ၊ ဒီပြဿနာ ကို ဖြေရှင်းဖို့ နိုင်ငံတကာရဲ့ ကမ်းလှမ်းချက်တွေကို လက်ခံပါ၊ မိမိတို့ ကုလအဖွဲ့ကလည်း လူ့အခွင့်အရေး ပိုမိုတိုးတက်ဖို့အတွက် မြန်မာပြည်သူတရပ်လုံးကို လိုအပ်သလို ကူညီပါရစေလို့ ပြောကြားလိုက်ပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့