သမ္မတက ကုလနှင့် INGO ဝန်ထမ်းသုံးဦးကို ပြစ်ဒဏ်မှလွတ်ငြိမ်းခွင့်ပေး

ရခိုင်ပြည်နယ် မငြိမ်မသက်မှုနဲ့ ပတ်သက်ပြီး ထောင်ဒဏ် ချမှတ်ခံရတဲ့ ဒေသခံ ကုလသမဂ္ဂနဲ့ အစိုးရမဟုတ်တဲ့ နိုင်ငံတကာ အဖွဲ့အစည်းက ဝန်ထမ်း သုံးဦးကို နိုင်ငံတော် သမ္မတက ပြစ်ဒဏ်က လွတ်ငြိမ်းခွင့် ပေးလိုက်တယ်လို့ အစိုးရက မနေ့က ကြေညာပါတယ်။

2012.08.28
sittwe-jail-b305 စစ်တွေအကျဉ်းထောင် ဖြစ်ပါသည်။
RFA

နိုင်ငံတော်ရဲ့ မေတ္တာနဲ့ စေတနာကို နားလည်ကြပြီး မိမိအကျိုး၊ ဒေသအကျိုးနဲ့ နိုင်ငံ့အကျိုး ထမ်းဆောင်သွားစေဖို့ ပြစ်ဒဏ်က လွတ်ငြိမ်းခွင့် ပေးတာလို့ ဆိုပါတယ်။

မောင်တောမြို့နယ်အတွင်း ဆူပူမှု ဖြစ်ပွားရာမှာ ပါဝင်ပတ်သက်မှု၊ နိုင်ငံတော် အကြည်ညို ပျက်အောင် ပြောဆိုမှုနဲ့ ထောင်ဒဏ် ၂ နှစ် ချမှတ်ခံရတဲ့ WFP ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ်အဖွဲ့က ဦးကာယက်စ်ခေါ် ဦးခင်ရွှေ၊ ဒီ နှစ်မှုအပြင် တရားမဝင် နိုင်ငံခြားငွေ လက်ဝယ်တွေ့ရှိမှုနဲ့ ထောင်ဒဏ် ၃ နှစ် ကျခံရတဲ့ UNHCR ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး ဝန်ထမ်း ဦးအဏာဝါ ဆာဒဏ်နဲ့ ဆူပူမှုမှာ ပါဝင်ပတ်သက်ရုံမက အိမ်မီးရှို့ဖို့ လောင်စာထားရှိမှု၊ တရားမဝင်ငွေ လက်ဝယ် ထားရှိမှုနဲ့ ထောင်ဒဏ် ၆ နှစ် ကျခံရတဲ့ CSSEP - ရပ်ရွာလူထု ဖွံ့ဖြိုးရေး စီမံချက်ဝန်ထမ်း ဒေါ်ချိုလေးမာတို့ကို ပြစ်ဒဏ်က လွတ်ငြိမ်းခွင့် ပေးလိုက်တာပါ။

ဒီလို လွှတ်ပေးတာကို ကြိုဆိုပါတယ်လို့ ကုလသမဂ္ဂ ပြောခွင့်ရသူ Farhan Haq ကပြောပါတယ်။ ကုလသမဂ္ဂက မေတ္တာရပ်ခံတဲ့အတွက် ဆူပူမှုမှာ ပါဝင် ပတ်သက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးထားတဲ့ တခြား ကုလသမဂ္ဂ ဝန်ထမ်း ၅ ဦးကိုတော့ ဘာစွဲချက်မှ မတင်ဘဲ သြဂုတ်လလယ်ပိုင်းက ပြန်လွှတ်ပေးခဲ့ပါတယ်။

ဇွန်လက စတင်ဖြစ်ပွားတဲ့ ရခိုင်ပြည်နယ် ပဋိပက္ခအတွင်း လူ ၉၀ လောက် သေဆုံးတယ်လို့ တရားဝင်စာရင်းက ခန့်မှန်းထားပေမဲ့ လူ့အခွင့်အရေး အဖွဲ့တွေကတော့ ဒီထက်မက များတယ်လို့ ဆိုပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။