ရခိုင်ပြည်နယ်ကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးသွားကြသူတွေကို ပြန်လည်လက်ခံရာမှာ အစိုးရနဲ့ UNHCR , UNDP တို့ ရေးထိုးထားတဲ့ နားလည်မှုစာချွန်လွှာ MoU ပါ အချက်အလက်တွေကို အများပြည်သူတွေ သိရှိအောင် ထုတ်ပြန်ချပြခြင်းမရှိတဲ့အတွက် ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ အပါအဝင် နိုင်ငံရေး ပါတီ ၂၃ ခုက ကန့်ကွက်ကြောင်း ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
မြန်မာနိုင်ငံအတွက် နစ်နာစေတဲ့ အသုံးအနှုန်းတွေပါတယ်ဆိုပြီး လူမှုကွန်ရက်မှာ ပျံ့နှံ့နေတာကြောင့် အားလုံးသိ ရှိရအောင် ထုတ်ပြန်ပေးဖို့လိုကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ ပြောခွင့်ရသူ ဦးသိန်းထွန်းဦးက ပြောပါတယ်။
"အဲဒီ အသုံးအနှုန်းတွေကတော့ အချက်အလက်တွေကတော့ အများကြီးပဲခင်ဗျ၊ ကျနော်တို့က ဒါကြောင့်မို့လို့လေ အချက်အလက်တိတိကျကျမရှိတဲ့ဟာ ဒီဟာသည် MoU မှာ တကယ်ပါမပါဆိုတဲ့ အချက်ပေါ့နော်၊ လူမှုကွန်ရက် မှာ ပျံ့နှံ့နေတဲ့ သတင်းအရဆိုပြီးတော့ပဲ အကုန်လုံးခြုံငုံပြီးတော့ ဖော်ပြလိုက်ခြင်းဖြစ်ပါတယ်၊ အတိအကျကတော့ ပျံ့နှံ့နေတဲ့သတင်းတွေအပေါ်မှာ တာဝန်ရှိသူတွေနဲ့ ပြည်သူတွေက စိစစ်သွားကြဖို့ပါပဲနော်"
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနနဲ့ ကုလသမဂ္ဂ အဖွဲ့အစည်းတွေဖြစ်ကြတဲ့ UNHCR , UNDP တို့ ပြီးခဲ့တဲ့ ဇွန်လ ၆ ရက်နေ့က MoU လက်မှတ်ရေးထိုးခဲ့တာပါ။
ရခိုင်ပြည်နယ် မောင်တောဒေသ အကြမ်းဖက်ဖြစ်စဉ်တွေနဲ့ပတ်သက်ပြီး လုံခြုံရေးတပ်ဖွဲ့တို့ရဲ့ လုပ်ငန်းစဉ်တွေကို စုံစမ်းစစ်ဆေးဖို့ နိုင်ငံတကာကပုဂ္ဂိုလ်ကြီးတစ်ဦး ပါဝင်တဲ့ ကော်မတီတစ်ရပ် ဖွဲ့စည်းမယ်ဆိုတာကိုလည်း ပါတီ ၂၃ ခုက ကန့်ကွက်ထားပါတယ်။
ပြည်ပအားကိုးပြီး ဆောင်ရွက်မယ့်ကိစ္စတွေကို အထူးသတိထားစောင့်ကြည့်ကာကွယ်ကြဖို့ အလွန်အရေးကြီးတဲ့ အချိန်ရောက်နေပြီလို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
ရခိုင်ပြည်နယ်အရေး မျက်ခြေမပြတ်စောင့်ကြည့်နေကြတဲ့ နိုင်ငံရေးပါတီအဖွဲ့အစည်းတွေနဲ့ ရဟန်းရှင်လူ ပြည်သူတွေက MoU ပါ အကြောင်းအရာတွေကို အသိပေးရှင်းလင်းပြဖို့ တောင်းဆိုနေကြတယ်လို့လည်း ကြေညာချက်မှာပါရှိပါတယ်။