မြန်မာ့အရေး လုံခြုံရေးကောင်စီ ပထမဆုံးအကြိမ် တံခါးဖွင့်ဆွေးနွေး

ရဲခေါင်မြင့်မောင် (ဝါရှင်တန်ဒီစီ)
2024.04.04
မြန်မာ့အရေး လုံခြုံရေးကောင်စီ ပထမဆုံးအကြိမ် တံခါးဖွင့်ဆွေးနွေး ၂ဝ၂၄ ခုနှစ် ဧပြီလ ၄ ရက်နေ့က အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့၊ ကုလသမဂ္ဂရုံးချုပ်တွင် ကျင်းပသည့် ကုလသလုံခြုံရေးကောင်စီ မြန်မာ့အရေး ဆွေးနွေးပွဲတက်ရောက်လာသည့် ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာပေါင်းစပ်ညှိနှိုင်းရေးရုံး (UNOCHA) ညွှန်ကြားရေးမှူး လီဆာ ဒေါက်ခ်တန်။
Photo: UN Web TV

[Update: 1:10 AM, April 05, 2024]

ကုလသမဂ္ဂ လုံခြုံရေးကောင်စီဟာ မြန်မာနိုင်ငံမှာ ၂၀၂၁ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံအကြောင်း တံခါးပိတ်ဆွေးနွေးခဲ့ပြီး၊ ပြီးခဲ့တဲ့ ဧပြီလ ၄ရက်နေ့ကတော့ ပထမဆုံးအကြိမ် တံခါးဖွင့် အစည်းအဝေး ကျင်းပခဲ့ပါတယ်။

ဒီအစည်းအဝေးမှာ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာပေါင်းစပ်ညှိနှိုင်းရေးရုံး (UNOCHA) ညွှန်ကြားရေးမှူး လီဆာ ဒေါက်ခ်တန်က မြန်မာနိုင်ငံမှာ ပိုဆိုးလာတဲ့ အခြေအနေတွေကြောင့် လူသားချင်းစာနာမှု အကျပ်အတည်း ဖြစ်ပေါ်နေတာကို တင်ပြခဲ့ပါတယ်။

“မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ်နောက်ပိုင်းမှာ အဆိုးဆုံးအဆင့် အကြမ်းဖက်တိုက်ခိုက်မှုတွေ အပါအဝင် တစ်စထက်တစ်စ ပိုဆိုးလာနေတဲ့ အခြေအနေတွေကြောင့် တစ်နိုင်ငံလုံးကို ဆိုးဆိုးဝါးဝါး ထိခိုက်စေတဲ့အပြင်၊ အိမ်နီးချင်းနိုင်ငံတွေကိုပါ သက်ရောက်နေပါတယ်။ မြန်မာနိုင်ငံက လူသားချင်းစာနာမှု အခြေအနေတွေဟာ ပြင်းထန်ပြီး စိုးရိမ်စရာကောင်းပါတယ်။ အထူးသဖြင့် မကြာခင်က စစ်မှုထမ်းဥပဒေ စတင်ကျင့်သုံးပြီးနောက်ပိုင်း မြန်မာပြည်သူတွေဟာ နေ့စဉ်နဲ့အမျှ အကြောက်တရားနဲ့ နေထိုင်နေကြရပါတယ်။ မြန်မာပြည်သူတွေဟာ သူတို့ရဲ့နေ့စဉ်ဘဝမှာ လိုအပ်တဲ့အရာတွေကို ရဖို့အတွက်တင် အစွမ်းကုန် ရုန်းကန်နေကြရပါတယ်”

အခုနှစ်မှာ မြန်မာနိုင်ငံတစ်ဝန်း လူသားချင်းစာနာမှုအကူအညီတွေ လိုအပ်နေသူ ၁၈ ဒသမ ၆ သန်းရှိနေပြီး ဒါဟာ စစ်တပ်က အာဏာသိမ်းလိုက်တဲ့ ၂၀၂၁ ဖေဖော်ဝါရီလကထက် ၁၉ ဆ တိုးလာတာ ဖြစ်ကြောင်း၊ စစ်ဘေးဒုက္ခသည် ၂ ဒသမ ၈ သန်းရှိနေပြီး၊ ၉၀ ရာခိုင်နှုန်းက စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်လာတာဖြစ်ကြောင်း၊ စစ်ဘေးဒုက္ခသည်တွေအတွက် စားနပ်ရိက္ခာနဲ့ အကာအကွယ်ပေးမှုတွေ အရေးပေါ် လိုအပ်နေတဲ့ကြောင်း၊ နိုင်ငံတစ်ဝန်းမှာလည်း ငတ်မွတ်ခေါင်းပါးမှုတွေ တိုးလာနေပြီး၊ မြန်မာနိုင်ငံလူဦးရေရဲ့ ၂၅ ရာခိုင်နှုန်း နီးပါးဖြစ်တဲ့ ပြည်သူ ၁၂ ဒသမ ၉ သန်းဟာ စားနပ်ရိက္ခာ ပြတ်လပ်မှုနဲ့ ကြုံနေရတယ်လို့လည်း ဆိုပါတယ်။

ဒါ့အပြင် ကလေးငယ်နဲ့ ကိုယ်ဝန်ဆောင်မိခင်တွေမှာ အာဟာရပြတ်လပ်မှုတွေ တိုးလာတဲ့အကြောင်း၊ ကျန်းမာရေးစောင့်ရှောက်မှုစနစ် ဖရိုဖရဲ ဖြစ်နေပြီး ဆေးဝါးပြတ်လပ်မှုတွေလည်း ကြုံနေရတဲ့အကြောင်း၊ ပုံမှန်ကာကွယ်ဆေးထိုးနှံမှု လုပ်ငန်းစဉ်တွေ မလုပ်နိုင်တော့တဲ့အတွက် ကလေးငယ်တွေမှာ တစ်သက်လုံးထိခိုက်မဲ့ ကျန်းမာရေးချို့ယွင်းမှုတွေ ဖြစ်လာနိုင်ကြောင်း၊ ပညာရေးကဏ္ဍမှာလည်း လူ ၁၂ သန်းလောက်ကို ထိခိုက်နေပြီး ကျောင်းနေအရွယ် ကလေးအားလုံးရဲ့ သုံးပုံတစ်ပုံက ကျောင်းမတက်နိုင်ကြတော့ကြောင်း၊ ၂၀၂၃ ခုနှစ်မှာ မြန်မာနိုင်ငံမှာ မြေမြှုပ်မိုင်းကြောင့် ထိခိုက်ဒဏ်ရာရမှု ရာခိုင်နှုန်း ၂၇၀ အထိ တိုးလာပြီး၊ ကလေးငယ်တွေဟာ မြေမြှုပ်မိုင်းကြောင့် ထိခိုက်နိုင်ခြေအများဆုံး ဖြစ်နေကြောင်း၊ မြန်မာနိုင်ငံက ပဋိပက္ခတွေကြောင့် အမျိုးသမီးနဲ့ မိန်းကလေးငယ်တွေ ပိုပြီး ထိခိုက်ခံစားနေရပြီး အမျိုးသမီးနဲ့ မိန်းကလေးငယ် ၉ ဒသမ ၇ သန်းဟာ အရေးပေါ်အကူအညီတွေ လိုအပ်နေပြီး လူကုန်ကူးမှုနဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေခံရဖို့ ဖြစ်နိုင်ခြေများနေတဲ့အကြောင်း လီဆာ ဒေါက်ခ်တန် က ပြောသွားပါတယ်။

မြန်မာနိုင်ငံမှာ လူသားချင်း စာနာမှုအကူအညီ လိုအပ်နေသူတွေကို အတားအဆီးမရှိ သွားရောက်ပေးအပ်နိုင်ဖို့နဲ့ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ အကူအညီပေးရေး ဝန်ထမ်းအားလုံးကို ပြန်လွှတ်ပေးဖို့ သက်ဆိုင်တဲ့အဖွဲ့အားလုံးကို ဆက်လက်တွန်းအားပေးသွားဖို့ လုံခြုံရေးကောင်စီကို သူက တောင်းဆိုသွားပါတယ်။

“မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ လုံခြုံရေးကောင်စီက အရေးယူဆောင်ရွက်ဖို့၊ ပိတ်ဆို့အရေးယူမှုတွေ ချမှတ်ဖို့ အဖွဲ့ဝင်နိုင်ငံအချို့က တောင်းဆိုတာတွေ ရှိနေပါတယ်။ တရုတ်နိုင်ငံက ဒီလို နည်းလမ်းတွေကို ဆန့်ကျင်ပါတယ်"

ဂျပန်နိုင်ငံ သံအမတ်ကတော့ မြန်မာနိုင်ငံအရေးအပေါ် ကုလသမဂ္ဂလုံခြုံရေးကောင်စီက နုတ်ဆိတ်နေတဲ့အပေါ် စိတ်ပျက်မိကြောင်း ပြောသွားပါတယ်။

“အခုလို မြန်မာပြည်သူတွေ လူမဆန်တဲ့လုပ်ရပ်တွေ ကျူးလွန်ခံနေရတာအပေါ် လုံခြုံရေးကောင်စီရဲ့ရပ်တည်ချက်ကို ဖော်ပြခွင့်မရတာ စိတ်ပျက် နောင်တရစရာဖြစ်ပါတယ်။ လုံခြုံရေးကောင်စီဟာ မြန်မာနိုင်ငံမှာ အခြေအနေတွေ ပိုဆိုးလာတာအပေါ် ၁၅ လကြာတဲ့အထိ ဘာကြေညာချက်မှ မထုတ်နိုင်ခဲ့တာကိုလည်း မှတ်တမ်းတင်ထားသင့်ပါတယ်။ အခုလို လုံခြုံရေးကောင်စီက နှုတ်ဆိတ်နေတာကြောင့် မြန်မာနိုင်ငံက ကျူးလွန်မှုတွေကို ပိုဆိုးလာစေပါတယ်။ ကျွန်တော်တို့အနေနဲ့ ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီ ပြန်ရဖို့ မြန်မာပြည်သူတွေရဲ့ လိုလားချက်ဖြစ်တဲ့ မြန်မာပြည်သူတွေရဲ့ အသံကို ကိုယ်စားပြုဖို့ လိုပါတယ်”

ဂျပန်နိုင်ငံဟာ မြန်မာနိုင်ငံမှာ လေကြောင်းကတိုက်ခိုက်တာ အပါအဝင် အကြမ်းဖက်တိုက်ခိုက်မှုတွေ ရပ်တန့်ဖို့၊ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဖမ်းဆီးထိန်းသိမ်းထားသူတွေကို ပြန်လွှတ်ပေးဖို့နဲ့ ဒီမိုကရေစီစနစ်ကို ပြန်သွားဖို့ အချက်သုံးချက်ကို မြန်မာစစ်တပ်ကို အစဉ်တစ်စိုက် တောင်းဆိုခဲ့ပေမဲ့ လိုက်နာခြင်းမရှိသေးတဲ့အကြောင်း၊ မြန်မာစစ်တပ်ဟာ ပြဿနာကို ငြိမ်းချမ်းတဲ့ နည်းလမ်းနဲ့ ဖြေရှင်းခြင်းမရှိဘဲ စစ်အုပ်ချုပ်ရေးကို ထပ်တလဲလဲ သက်တမ်းတိုးနေတာနဲ့ လေကြောင်း တိုက်ခိုက်မှုတွေ ဆက်လုပ်ပြီး အပြစ်မဲ့ ပြည်သူတွေကို သေကျေဒဏ်ရာရာအောင် လုပ်နေတာအပေါ် ဂျပန်နိုင်ငံက ကန့်ကွက်ရှုတ်ချကြောင်း ပြောသွားပါတယ်။

"မြန်မာနိုင်ငံနဲ့ဒေသတွင်းမှာ လုံခြုံရေး၊ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးစည်ပင်ရေးရှိဖို့ လုံခြုံရေးကောင်စီအနေနဲ့ ဒီထက်မက ဆောင်ရွက်ဖို့ လိုအပ်နေပါတယ်"

ရုရှားသံအမတ်ကတော့ မြန်မာနိုင်ငံမှာ လက်ရှိ ဖြစ်ပေါ်နေတဲ့ ပြဿနာတွေရဲ့အရင်းအမြစ်ဟာ အတိတ်က အနောက်နိုင်ငံတွေရဲ့ ကိုလိုနီအဖြစ် နယ်ချဲ့အမြတ်ထုတ်ခံခဲ့ရတာကြောင့် ဖြစ်ကြောင်းနဲ့ လက်ရှိရခိုင်ပြည်နယ်က ပြဿနာတွေဟာလည်း ဗြိတိသျှ ကိုလိုနီအစိုးရရဲ့ လူမျိုးရေးအရ ခွဲခြားအုပ်ချုပ်ခဲ့တဲ့ (Divide and Conquer) မူဝါဒကြောင့် ဖြစ်တယ်လို့ ပြောသွားပါတယ်။

လုံခြုံရေးကောင်စီကနေ မြန်မာနိုင်ငံအရေး ဆွေးနွေးမှုတွေကို တံခါးဖွင့်အစည်းအဝေးအဖြစ် ကျင်းပခဲ့တာကိုလည်း ရုရှားသံအမတ်က ဝေဖန်ပြောကြားခဲ့ပါတယ်။

“မြန်မာနိုင်ငံက အဖြစ်အပျက်တွေနဲ့ ပတ်သက်လို့ စိုးရိမ်ပူပန်ကြောင်း ကုလသမဂ္ဂလုံခြုံရေးကောင်စီကနေ ဆုံးဖြတ်ချက် အမှတ် ၂၆၆၉ ချမှတ်ခဲ့တာနဲ့ လွန်ခဲ့တဲ့ ငါးလအတွင်း မြန်မာနိုင်ငံမှာ ပိုဆိုးလာတဲ့ အခြေအနေတွေ အားလုံးဟာ အခုလို လုံခြုံရေးကောင်စီအစည်းအဝေးကို တံခါးဖွင့်ကျင်းပဖို့အတွက် လိုအပ်ချက်တွေကို ပြည့်မှီခြင်း မရှိပါဘူး။ လက်ရှိ မြန်မာနိုင်ငံက အခြေအနေတွေဟာ နိုင်ငံတကာ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို ခြိမ်းခြောက်မှု မရှိပါဘူး။ ဒီလုံခြုံရေးကောင်စီ အစည်းအဝေးကို နေပြည်တော်ကို ဖိအားပေးဖို့ အသုံးချတာကို ဆန့်ကျင်ပါတယ်။ အနောက်နိုင်ငံတွေက ကိုယ်စားလှယ်တွေဟာ မြန်မာနိုင်ငံက အခြေအနေတွေကို နိုင်ငံရေးရည်ရွယ်ချက်နဲ့ ပုံဖော်ပြောဆိုနေကြတာကိုလည်း ရှုတ်ချပါတယ်။”

၂ဝ၂၄ ခုနှစ် ဧပြီလ ၄ ရက်နေ့က အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့၊ ကုလသမဂ္ဂရုံးချုပ်တွင် ကျင်းပသည့် ကုလသလုံခြုံရေးကောင်စီ မြန်မာ့အရေး ဆွေးနွေးပွဲတက်ရောက်လာသည့် ကုလသမဂ္ဂအရှေ့အလယ်ပိုင်း၊ အာရှနဲ့ပစိဖိတ်ဒေသဆိုင်ရာ လက်ထောက်အထွေထွေအတွင်းရေးမှူး ကာလစ် ခီရာရီ (အလယ်)။ (Photo: UN Web TV)
၂ဝ၂၄ ခုနှစ် ဧပြီလ ၄ ရက်နေ့က အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့၊ ကုလသမဂ္ဂရုံးချုပ်တွင် ကျင်းပသည့် ကုလသလုံခြုံရေးကောင်စီ မြန်မာ့အရေး ဆွေးနွေးပွဲတက်ရောက်လာသည့် ကုလသမဂ္ဂအရှေ့အလယ်ပိုင်း၊ အာရှနဲ့ပစိဖိတ်ဒေသဆိုင်ရာ လက်ထောက်အထွေထွေအတွင်းရေးမှူး ကာလစ် ခီရာရီ (အလယ်)။ (Photo: UN Web TV)

အမေရိကန်နိုင်ငံကိုယ်စားလှယ်ကတော့ မြန်မာနိုင်ငံက အခြေအနေတွေဟာ အင်ဒို- ပစိဖိတ်ဒေသအပါအဝင် နိုင်ငံတကာလုံခြုံရေးကို ခြိမ်းခြောက်မှုတိုးလာနေတဲ့အကြောင်း ပြောပြီး၊ လုံခြုံရေးကောင်စီကနေ တုံ့ပြန်ဆောင်ရွက်ဖို့ တိုက်တွန်းသွားပါတယ်။

“လုံခြုံရေးကောင်စီဟာ မြန်မာပြည်သူတွေရဲ့ အခြေအနေတိုးတက်မှု ရှိလာဖို့ ပထမဆုံးခြေလှမ်းအနေနဲ့ ဆုံးဖြတ်ချက် အမှတ် ၂၆၆၉ ကို ၂၀၂၂ ခုနှစ်က ချမှတ်ခဲ့ပါတယ်။ ဒါပေမယ့်လည်း မြန်မာစစ်တပ်ဟာ ဒီဆုံးဖြတ်ချက်နဲ့ အာဆီယံနဲ့သဘောတူထားတဲ့ ဘုံသဘောတူညီချက်တွေကို ချိုးဖောက်ခဲ့ပြီး၊ မြန်မာပြည်သူတွေအပေါ် အကြမ်းဖက်တိုက်ခိုက်မှုတွေ ထပ်တိုးလာစေခဲ့ပါတယ်။ ဒီလိုချိုးဖောက်မှုကြောင့် မြန်မာနိုင်ငံနဲ့ဒေသတွင်းမှာ လုံခြုံရေး၊ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးစည်ပင်ရေးရှိဖို့ လုံခြုံရေးကောင်စီအနေနဲ့ ဒီထက်မက ထပ်တိုးပြီး ဆောင်ရွက်ဖို့ လိုအပ်နေပါတယ်"

တရုတ်နိုင်ငံ သံအမတ်ကတော့ မြန်မာနိုင်ငံက ရခိုင်ပြည်နယ်မှာ တိုက်ခိုက်မှုတွေ တစ်ကျော့ပြန်ဖြစ်ပွားလာပြီး၊ ရခိုင်ပြည်နယ်ပြဿနာဟာ မြန်မာနိုင်ငံရဲ့ပြည်တွင်းရေးကိစ္စဖြစ်တဲ့အတွက် နိုင်ငံတကာအနေဲ့ မြန်မာနိုင်ငံရဲ့အချုပ်အခြာအာဏာ၊ နယ်မြေပိုင်စိုးမှု၊ လွတ်လပ်မှုနဲ့ စည်းလုံးညီညွတ်မှုတွေကို လေးစားပြီး၊ သမာသမတ်ကျကျ ရှုမြင်ဆောင်ရွက်ဖို့ တိုက်တွန်းတဲ့အကြောင်း ပြောသွားပါတယ်။

တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံကို လုံခြုံရေးကောင်စီကနေ အရေးယူဆောင်ရွက်ဖို့ တောင်းဆိုချက်တွေကို မထောက်ခံကြောင်း ပြောသွားပါတယ်။

“မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ လုံခြုံရေးကောင်စီက အရေးယူဆောင်ရွက်ဖို့၊ ပိတ်ဆို့အရေးယူမှုတွေ ချမှတ်ဖို့ အဖွဲ့ဝင်နိုင်ငံအချို့က တောင်းဆိုတာတွေ ရှိနေပါတယ်။ တရုတ်နိုင်ငံက ဒီလို နည်းလမ်းတွေကို ဆန့်ကျင်ပါတယ်။ ဒီလိုလုပ်တာဟာ ရန်လိုမုန်းတီးမှုတွေနဲ့ ထိပ်တိုက်ရင်ဆိုင်မှုတွေ ပိုဆိုးလာဖို့ပဲ ရှိပါတယ်။”

ကုလသမဂ္ဂအရှေ့အလယ်ပိုင်း၊ အာရှနဲ့ပစိဖိတ်ဒေသဆိုင်ရာ လက်ထောက်အထွေထွေအတွင်းရေးမှူး ကာလစ် ခီရာရီကတော့ မြန်မာစစ်တပ်ရဲ့ အကြမ်းဖက်တိုက်ခိုက်မှုနဲ့ နိုင်ငံရေးအရ ဖိနှိပ်မှုတွေကို ရပ်တန့်နိုင်မှုဟာ အလွန်အရေးကြီးတဲ့ အဆင့် ဖြစ်တယ်လို့ ပြောသွားပါတယ်။ မြန်မာစစ်တပ်ရဲ့ လေကြောင်းတိုက်ခ်ိုက်မှုတွေ ရပ်တန့်ဖို့၊ ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေရဲ့ လုံခြုံရေးအခြေအနေနဲ့ မြန်မာပြည်သူတွေအတွက် လူသားချင်းစာနာမှု အကူအညီတွေ ပေးအပ်ရေးကိစ္စတွေကို လုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံတွေက ဆွေးနွေးခဲ့ကြပြီး၊ လုံခြုံရေးကောင်စီဟာ မြန်မာ့အရေးနဲ့ ပတ်သက်တဲ့ ဆုံးဖြတ်ချက်ကို မကြာခင်မှာ ချမှတ်နိုင်ခြေ ရှိနေပါတယ်။

(မှတ်ချက်။ ဤသတင်းဆောင်းပါးနှင့်ပတ်သက်၍ နောက်ဆုံးရ အချက်အလက်များကို ထပ်မံဖြည့်စွက်ထားပါသည်။)

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Dolly
2024-04-06 05:34

United nations is always late. Burma was not in the list of concern for long time. They keep saying discussion behind the closed door. I have not seen any positive outcome. More death, more bombing, more killing and more displaced. Many experts in United nations sitting on their bump , talking and talking behind the closed door. ASEAN five point plan was useless. Now nearly 3 years not one plan was implemented. United nations and the world relied on ASEAN for long time. Russia and China are not better than Burma in human rights. It really is disappointing. United nation realised now Burma exist.

Peter Yui
2024-07-04 19:29

thank you , united nation security council need to invite representative from NUG, EAO .
I understand Mr Kyaw Moe Tun is there. But need to have open discussion with different ethnic group.
Firstly UN can't move forward because of China. Myanmar need NUG EAO get together to approach Japan , South Korea , and Philippine. Singapore is double stand , Thai is the worst neighbour see only profitable outcome. If China Thai railway will finish in 2026.
Democracy in ASEAN is fading away. 5 point ASEAN consensus is out of date and useless.

5 POINT PLAN WITH ASEAN IS USELESS OUT OF DATE,
Mil