ကုလအစီရင်ခံစာနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမည်


2017.02.10
maungtaw-investigate-commission-un-620.jpg ရခိုင်ပြည်နယ် စစ်တွေလေဆိပ်ကို ဖေဖော်ဝါရီလ ၁ဝ ရက်နေ့က ရခိုင်ပြည်နယ် စုံစမ်းစစ်ဆေးရေးကော်မရှင် အဖွဲ့ဝင်တွေ ရောက်ရှိလာစဉ်
Photo: RFA

ဒု-သမ္မတ ဦးမြင့်ဆွေ ဦးဆောင်တဲ့ ရခိုင်ပြည်နယ် စုံစမ်းစစ်ဆေးရေးအဖွဲ့ဝင်တွေဟာ ကုလသမဂ္ဂက ထုတ်ပြန်တဲ့ အစီရင်ခံစာအပေါ် စုံစမ်းစစ်ဆေးဖို့ ဒီကနေ့ မောင်တောမြို့ကို ထွက်ခွာသွားကြပါတယ်။

ဒီတစ်ကြိမ်ခရီးစဉ်ဟာ ၆ ရက်ကြာမြင့်မှာဖြစ်တယ်လို့ ကော်မရှင်အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစောသလေးစောက  ပြောပါတယ်။

"UN ရီပို့ထွက်လာတယ်၊ ကျန်တဲ့ကိစ္စတွေလည်းရှိတယ်၊ အဲဒီအပေါ်မှာ ကျနော်တို့ အစည်းအဝေး လုပ်တယ်၊ အစည်းအဝေး ဆုံးဖြတ်ချက်အရ ကျနော်တို့သွားတာပါ၊ ၁၆ ရက်နေ့အထိတော့ ကျနော်တို့ အစီအစဉ် ဆွဲထားပါတယ်၊ တောက်လျှောက်နေပါမယ်ခင်ဗျ၊ ပြည်ထောင်စုနေ့ပွဲက ဒုသမ္မတ ဦးဆောင် ပြီး ပွဲကိုတာဝန်ခံလုပ်ဆောင်ရမှာမို့ ပြည်ထောင်စုနေ့ပြီးမှပဲ ၁၄ ရက်နေ့လောက်မှ ပြန်ဆင်းလာနိုင် မယ်"

ဖေဖေါ်ဝါရီလ ၃ ရက်နေ့က ကုလသမဂ္ဂ လူ့အခွင့်အရေးရုံး OHCHR က ဘင်္ဂလာဒေ့ရ်ှဘက်ကို ထွက်ပြေးလာကြတဲ့ ရိုဟင်ဂျာ မွတ်ဆလင်တွေနဲ့ တွေ့ဆုံမေးမြန်းထားတာတွေကို Interview with Rohingyas fleeing from Myanmar since 9 October 2016 ဆိုတဲ့ ခေါင်းစဉ်နဲ့ ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီအစီရင်ခံစာမှာ ထွက်ပြေးလာ သူတွေထဲက လူပေါင်း ၂၀၀ ကျော်ကို မေးမြန်းပြီး ထွက်ဆိုချက်တွေကို စုစည်းတင်ပြထားပြီး ကျူးလွန်မှုတွေထဲမှာ အမျိုးသမီးတွေကို လုံခြုံရေးတပ်ဖွဲ့တွေက အဓမ္မပြုကျင့်မှုတွေ၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ၊ သတ်ဖြတ် မှုတွေ၊ မီးရှို့သတ်ဖြတ်တာတွေအထိ ရှိတယ်လို့ ဖေါ်ပြထားပါတယ်။

အဲဒီ အစီရင်ခံစာအပေါ် ကော်မရှင်အဖွဲ့ဝင်တွေက သွားရောက်စစ်ဆေးမှာဖြစ်ပါတယ်။

ကော်မရှင်ဥက္ကဌဖြစ်တဲ့ ဒု-သမ္မတ ဦးမြင့်ဆွေဟာ ပြည်ထောင်စုနေ့ အခမ်းအနား ကျင်းပရေးအတွက် တာဝန်ယူ ကြီးကြပ်နေရတာကြောင့် ဒီနေ့ ခရီးစဉ်မှာ မလိုက်ပါနိုင်ခဲ့တာလို့ ပြောပါတယ်။

အဲဒီကော်မရှင်ကို ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁ ရက်နေ့က သမ္မတဦးထင်ကျော်က ဖွဲ့စည်းပေးခဲ့ပြီး ဒုသမ္မတ ဦးမြင့်ဆွေက ဦးဆောင်ကာ လွှတ်တော်ကိုယ်စားလှယ်တွေ၊ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်အဖွဲ့ဝင်တွေနဲ့ ဘာသာရေးခေါင်းဆောင်တချို့ ပါဝင်ကြပါတယ်။

ကော်မရှင်ရဲ့အစီရင်ခံစာကို ဇန်နဝါရီလ ၃၁ ရက်နေ့ နောက်ဆုံးထား အစီရင်ခံတင်ပြဖို့ သတ်မှတ်ခဲ့ပေမယ့် အဲဒီနေ့မှာပဲ သမ္မတ ဦးထင်ကျော်အမိန့်နဲ့ နောက်ထပ်ရက်တိုးမြှင့်ပေးခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။