ကလေးစစ်သား အသုံးပြုဆဲနိုင်ငံတွေထဲ မြန်မာပါဝင်တယ်လို့ ကုလအစီရင်ခံစာမှာပါရှိ


2019.07.31
child-soldiers-622.jpg ၂၀၁၉၊ မတ် ၃၁ ရက်နေ့မှာ တပ်မတော်က နုတ်ထွက်ခွင့်ပေးလိုက်တဲ့ အသက် ၁၈ နှစ် မပြည့်သေးဘဲ တပ်မတော်သားအဖြစ် စုဆောင်းခံရသူတွေကို တွေ့ရစဉ်
Photo: UNICEF

မြန်မာနိုင်ငံမှာ တပ်မတော်အပြင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေကပါ ကလေးစစ်သား စုဆောင်းတာတွေ တိုက်ပွဲတွေမှာ စစ်သားအဖြစ် အသုံးပြုတာတွေရှိနေတယ်လို့ ဇူလိုင်လ ၃၀ ရက်နေ့ မနေ့က ထုတ်ပြန်တဲ့ ကုလသမဂ္ဂ ၂၀၁၈ ခုနှစ် ကလေးစစ်သား အသုံးပြုမှုဆိုင်ရာ အစီရင်ခံစာမှာ ဖော်ပြလိုက်ပါတယ်။

ကုလသမဂ္ဂရဲ့ ၂၀၁၈ ခုနှစ်အတွက် ကလေးစစ်သား အသုံးပြုမှုဆိုင်ရာ အစီရင်ခံစာအရ ၂၀၁၈ ခုနှစ်အတွင်း တစ်ကမ္ဘာလုံးမှာဖြစ်ပွားနေတဲ့ လက်နက်ကိုင်ပဋိပက္ခဖြစ်စဉ်တွေထဲမှာ ကလေးစစ်သား တစ်သောင်းနှစ်ထောင်ထက်မနည်း သေဆုံးတာ ဒဏ်ရာရတာတွေဖြစ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး ဖော်ပြထားတဲ့အထဲမှာတော့ တပ်မတော်က ၂၀၁၈ ခုနှစ်အတွင်း ကလေး ခုနှစ်ယောက်ကို စစ်သားအဖြစ် စုဆောင်းခဲ့ပြီး ၆၄ ယောက်ကိုလည်း စစ်သားအဖြစ် အသုံးပြုခဲ့တယ်လို့ ပါရှိသလို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကလည်း ကလေးစစ်သားစုဆောင်းတဲ့ဖြစ်စဉ် ၁၁ ခုအထိ ရှိခဲ့တယ်လို့ ပါရှိပါတယ်။

ဒီဖြစ်စဉ် ၁၁ ခုကို ကချင်လွတ်မြောက်ရေးတပ်မတော် KIA က ကိုးခု၊ တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA က တစ်ခုနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA က တစ်ခု လုပ်ဆောင်ခဲ့တာ ဖြစ်ပြီး ကလေးစစ်သား စုစုပေါင်း ၁၇ ယောက်အထိ အသုံးပြုခဲ့တာတွေ့ရှိခဲ့တယ်လို့ ပါဝင်ပါတယ်။

တပ်မတော်ဘက်တော့ အရင်ကရှိခဲ့တဲ့ အသက်မပြည့်တဲ့ စစ်သားတွေကို သက်ဆိုင်ရာအဖွဲ့တွေနဲ့ ပူးပေါင်းပြီး ပြန်လွှတ်ပေးနေသလို ထပ်ပြီးမစုဆောင်းဖို့လည်း ညွှန်ကြားထားပြီးဖြစ်တယ်လို့ တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့ဝင် ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်း"ကျွန်တော်တို့တပ်မတော်မူဝါဒကတော့ ကလေးစစ်သားနဲ့ ပတ်သက်လာရင် စုဆောင်းတဲ့သူတွေကို မစုဆောင်းဖို့ ညွှန်ကြားထားတာရှိတယ်၊ အရင်တုန်းကတော့ တာဝန်ထမ်းဆောင် ခဲ့တယ် အခုအချိန်မှာတော့ အသက်ကပြည့်နေပြီ။ သို့သော်လည်း သူတို့ရဲ့ဆန္ဒအလျောက် နုတ်ထွက်ခွင့်ပေးတာတွေရှိတယ်၊ ကလေးစစ်သားနဲ့ပတ်သက်ပြီးတော့ ပြန်ပြီးတော့ လွှတ်ပေးနေတာ တွေရှိတယ်၊ စစ်မှုထမ်းဆောင်နေစဉ်ကနေ နုတ်ထွက်ခိုင်းတာတွေ ရှိပါတယ်ဗျ၊ အဲ့ဟာတွေကလည်း ကျွန်တော်မြင်တာတော့ အဟောင်းတွေပါဗျ၊ အရင်တုန်းကဝင်ခဲ့တယ်ဆိုရင် သူတို့ရဲ့ အုပ်ထိန်းသူတွေကနေပြောလို့ စစ်ဆေးကြည့်လိုက်တဲ့အခါမှာ မှန်တယ်၊ ကျွန်တော်တို့ ပူးပေါင်းဆောင်ရွက်နေတယ်ဆိုတာ ထင်ရှားတာပဲ၊ ကျွန်တော်တို့ ပူးပေါင်းဆောင်ရွက်နေလို့သာ ဒီကလေးစစ်သားနဲ့ပတ်သက်ပြီးတော့ အရင်တုန်းက စုခဲ့တယ်၊ အခုအချိန်မှာတော့ အသက်ပြည့်ရင်လည်း ပြည့်နေပြီ၊ သို့တော် ကျွန်တော်တို့အရင်တုန်းက စုခဲ့တာဖြစ်တဲ့အတွက် ပြန်လွှတ်ပေးတယ်၊ အဲဒါနဲ့ပတ်သက်ပြီး စုဆောင်းခဲ့တဲ့သူတွေကိုလည်း အရေးယူဆောင်ရွက်လျက်ရှိတယ်"

အရွယ်မရောက်သေးတဲ့ ကလေးစစ်သားတွေ ပပျောက်ဖို့ ၂၀၁၂ ခုနှစ်ကတည်းက တပ်မတော်နဲ့ မြန်မာနိုင်ငံ စောင့်ကြည်လေ့လာရေးနဲ့ အစီရင်ခံစာတင်ပြရေးလုပ်ငန်းအဖွဲ့ UNCTFMR အဖွဲ့တို့ လက်မှတ်ရေးထိုးထားတာ ဖြစ်ပါတယ်။

"ဝ" ပြည်သွေးစည်းညီညွတ်ရေးပါတီ လားရှိုးမြို့ ဆက်ဆံရေးတာဝန်ခံ ဦးညီရမ်းကတော့ သက်ဆိုင်ရာ တပ်ရင်းတွေ၊ ဌာနတွေမှာ အခမဲ့စာသင်ပေးနေတဲ့ ကလေးတွေကို အင်္ကျီအစိမ်း၊ ဘောင်းဘီအစိမ်းတွေ ပေးဝတ်ထားတာပဲရှိလို့ ဒါကိုကြည့်ပြီး ကလေးစစ်သားလို့ပြောရင်တော့ မမှန်ဘူးလို့ ငြင်းဆိုပါတယ်။

"ဝ" ပြည်သွေးစည်းညီညွတ်ရေးပါတီ လားရှိုးမြို့ ဆက်ဆံရေးတာဝန်ခံ ဦးညီရမ်း ကို တွေ့ရစဉ်"ကျွန်တော်တို့အထဲမှာရှိနေတဲ့ ယူနီဖောင်းဝတ်နေတဲ့ ကလေးတွေဆိုတာ ကျွန်တော်တို့ အတိဒုက္ခရောက်နေတဲ့ ကျောင်းနေတာ အမျိုးမျိုးပေါ့နော်၊ ဒုက္ခရောက်နေတဲ့ကလေးတွေကို ခေါ်ယူပြီးတော့ စုဆောင်းပြီးတော့ ပညာသင်ပေးတာတွေရှိတယ်၊ အဲတာ တကယ်တမ်းကတော့ သူတို့ဟာ စစ်သားတော့မဟုတ်ပါဘူး၊ ရဲညွှန့်လိုပုံစံမျိုးပေါ့နော်၊ မြန်မာအခေါ်အဝေါ်ဆိုရင်တော့ ဘော်ဒါဆောင်လို ပုံစံမျိုးပေါ့နော်၊ ဟိုးအရင်ကတည်းက ရှိနေပီးသားပါ၊ သူတို့ကိုလည်း အင်္ကျီအစိမ်း၊ ဘောင်းဘီအစိမ်းတွေ အဲလိုမျိုးပေးဝတ်တဲ့ဟာတွေလည်း ရှိတာပေါ့၊ အဲဒါကိုကြည့်ပြီးမှ ဒါကို ကလေးစစ်သားလို့ ကောက်ချက်ချတယ်ဆိုရင်တော့ ဒါကတော့ မမှန်ပါဘူး"

ဒါပေမဲ့ အစီရင်ခံစာထဲမှာတော့ တပ်မတော်အနေနဲ့ အရင်ကလည်း ယောက်ျားလေး ၂၆ ယောက်ကို ကလေးစစ်သားအဖြစ် စုဆောင်းခဲ့တယ်ဆိုတာကို အတည်ပြုနိုင်ခဲ့တဲ့အပြင် "ဝ" ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် UWSA ပါဝင်တဲ့ ကလေးစစ်သား စုဆောင်းတဲ့ဖြစ်စဉ် နှစ်ခုရှိခဲ့တယ်ဆိုတာလည်း မှတ်တမ်းတင်ထားတယ်လို့ ပါရှိပါတယ်။

လက်ရှိ ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ တပ်မတော်နဲ့ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလလောက်ကတည်းက တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေတဲ့ ရက္ခိုင့်တပ်တော် AA ရဲ့ ပြန်ကြားရေးတာဝန်ခံ ခိုင်သုခကလည်း ကလေးစစ်သား မသုံးဘူးလို့ ငြင်းဆိုပါတယ်။

AA ပြောခွင့်ရသူ ခိုင်သုခ"ကျွန်တော်တို့ဆီမှာတော့ ကလေးစစ်သားအသုံးပြုတာမရှိဘူးဗျ"

ကုလသမဂ္ဂရဲ့ အစီရင်ခံစာနဲ့ပတ်သက်ပြီး ကချင်လွတ်မြောက်ရေး တပ်မတော် KIA နဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA ကို RFA ဆက်သွယ်ပေမယ့် မရခဲ့ပါဘူး။

ကုလသမဂ္ဂရဲ့ ၂၀၁၈ ခုနှစ်အတွင်း ကလေးစစ်သား အသုံးပြုမှုဆိုင်ရာ အစီရင်ခံစာထဲမှာ  တိုက်ပွဲတွေဖြစ်ပွားနေရင် ကလေးစစ်သား အသုံးပြုတာတွေလည်းရှိနေမှာဖြစ်လို့ တိုက်ပွဲတွေရပ်တန့်အောင် လုပ်ဆောင်သင့်တယ်လို့ ပါဝင်သလို မြန်မာနိုင်ငံအနေနဲ့ ၂၀၁၂ ခုနှစ်က လက်မှတ်ရေးထိုးထားတဲ့အတိုင်း ကလေးစစ်သား လုံးဝပပျောက်အောင် ကုလသမဂ္ဂအဖွဲ့အစည်းတွေနဲ့ ပူးပေါင်း ဆောင်ရွက်ဖို့လိုတယ်လို့ ထည့်သွင်းဖော်ပြထားပါတယ်။

အစိုးရတပ်မတော်ဘက်ကတော့ ၂၀၁၈ ခုနှစ်အတွင်း အသက် ၁၈ နှစ် မပြည့်ဘဲ တပ်မတော်ထဲဝင်ရောက်ခဲ့သူ ၇၅ ယောက်နဲ့ ၂၀၁၉ ခုနှစ် မတ်လအထိ ၃၂ ယောက်ကို မိဘတွေထံ လွှဲပြောင်းပေးခဲ့တာကြောင့် ၂၀၁၂ ခုနှစ်ကနေ ၂၀၁၉ ခုနှစ် ဧပြီလအထိ စုစုပေါင်း ကလေးစစ်သား တစ်ထောင်နီးပါးကို ၁၆ ကြိမ်အဖြစ် တပ်မတော်က စိစစ်နုတ်ထွက်ခွင့်ပေးထားပြီး ဖြစ်ကြောင်း ဧပြီလမှာ UNICEF အဖွဲ့နဲ့အတူ အသီးသီး ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် ကလေးစစ်သားအဖြစ် စုဆောင်းရာမှာပါဝင်တဲ့ တာဝန်ရှိသူ အရာရှိ ၉၆ ယောက်နဲ့ စစ်သည် ၃၅၂ ယောက်ကို စစ်စည်းကမ်းနဲ့အညီ အရေးယူဆောင်ရွက်ခဲ့တယ်လို့လည်း တပ်မတော်က ပြောဆိုထားပါတယ်ခင်ဗျာ။

(RFA သတင်းထောက် ကိုသန့်ဇင်ဦး ပေးပို့သည်)

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။