လူ့အခွင့်အရေး စံချိန်စံညွှန်းတွေကို သင်ရိုးညွှန်းတမ်းမှာ ထည့်သွင်းဖို့ တိုက်တွန်း
2017.01.13
ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် Ms. Yanghee Lee နဲ့ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင်တွေ ဇန်နဝါရီလ ၁၃ ရက်နေ့က ရန်ကုန်မြို့မှာ တွေ့ဆုံကြစဉ်
ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် Mrs. Yanghee Lee ဟာ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်အဖွဲ့နဲ့ တွေ့ဆုံရာမှာ လူ့အခွင့်အရေးဆိုင်ရာ သင်ခန်းစာတွေကို သင်ရိုးညွှန်းတမ်းတွေမှာ ထည့်သွင်းပြဌာန်းဖို့နဲ့ လူ့အခွင့်အရေးဆိုင်ရာ အသိပညာပေးလုပ်ငန်းတွေကို တိုင်းရင်းသား ဘာသာစကားတွေနဲ့ပါ ရေးသားဖို့ တိုက်တွန်းဆွေးနွေးခဲ့ပါတယ်။
ဒီကနေ့ ရန်ကုန်မြို့ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်အဖွဲ့ရုံးမှာ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် Mrs. Yanghee Lee နဲ့ လူ့အခွင့်အရေးကော်မရှင်တို့ တွေ့ဆုံအပြီး သတင်းမီဒီယာတွေ မေးမြန်းရာမှာ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင် ဥက္ကဌ ဦးဝင်းမြ က ဆွေးနွေးတာတွေကို ပြန်ပြောပြတာဖြစ်ပါတယ်။
"အဓိကထားပြောတာကတော့ ကျနော်တို့ ဒုတိယအတန်းမှာ လူ့အခွင်အရေး ပညာပေးနဲ့ ပတ်သက်ပြီး ကျနော်တို့ ပညာရေးဌာနက သက်ဆိုင်ရာပုဂ္ဂိုလ်များနဲ့ သင်ရိုးညွန်းတမ်းကို ကျနော်တို့က ညှိနှိုင်းဆောင် ရွက်နေပါတယ်ဆိုတာကို ကျနော်တို့ကပြောပြပါတယ်။ လူ့အခွင့်အရေးဆိုတာ ပြည်မကြီးမှာပဲ ခံစားဖို့တော့ မဟုတ်ဘူးပေါ့နော်၊ တိုင်းရင်းသားတွေနဲ့ ဖွဲ့စည်းဆောင်ရွက်ထားတဲ့ ကျနော်တို့နိုင်ငံမှာ တိုင်ရင်းသားတွေအားလုံးလည်း ကျယ်ကျယ်ပြန့်ပြန့် သိရှိနားလည်ပြီးတော့အခါမှာကျတော့ ကျနော် တို့ ဆောင်ရွက်နေပါတယ်ဆိုတာကို သူ့ကို ကျနော်တို့ ပြောပြပါတယ်။"
မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်အဖွဲ့ကိုလည်း လွတ်လပ်တဲ့အဖွဲ့စည်းအဖြစ်နဲ့ ရခိုင်ပြည်နယ် ကကိစ္စတွေကို သီးခြားစုံစမ်းပြီး အစိုးရကို အကြံပေးဖို့လည်း လူ့အခွင့်အရေး အထူးကိုယ်စားလှယ်က တိုက်တွန်း ခဲ့ပါတယ်။ မစ္စယန်ဟီးလီဟာ ဒီကနေ့ ရန်ကုန်မြို့ခရီးစဉ်အတွင်း အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေး ဗဟိုဌာန NRPC နဲ့ အင်းစိန်အကျဉ်းထောင်ကိုလည်း ဒီကနေ့ သွားရောက်လေ့လာခဲ့ပါတယ်။
ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် Mrs. Yanghee Lee ဟာ မြန်မာနိုင်ငံကိုပြီးခဲ့တဲ့ ဇန်နဝါရီလ၉ရက်နေ့ကရောက်ရှိတာဖြစ်ပြီး မြန်မာနိုင်ငံအတွင်း ၁၃ ရက်ကြာ လူ့အခွင့်အရေးအခြေအနေကို စုံစမ်းလေ့လာပြီး ကုလသမဂ္ဂမှာ အစီရင်ခံစာ တင်သွင်းသွားမှာ ဖြစ်ပါတယ်။









