လူ့အခွင့်အရေး အစီရင်ခံစာ ကုလကိုယ်စားလှယ် တင်သွင်း

ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့မှာ ကျင်းပနေတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ ညီလာခံမှာ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် Ms.Yan Hee Lee က မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးအခြေအနေ အစီရင်ခံစာကို မနေ့က တင်သွင်းလိုက်ပါတယ်။

ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့မှာကျင်းပတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ ညီလာခံကို တွေ့ရစဉ်

ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့မှာ ကျင်းပနေတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ ညီလာခံမှာ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် Ms.Yan Hee Lee က မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးအခြေအနေ အစီရင်ခံစာကို မနေ့က တင်သွင်းလိုက်ပါတယ်။

ရှမ်းနဲ့ ကချင်ပြည်နယ်မှာ တိုက်ပွဲတွေကြောင့် ဒုက္ခသည်တိုးလာတာတွေ၊ ကလေးစစ်သား အသုံးချခံရတာတွေ၊ အမျိုးသမီးတွေ အကြမ်းဖက်ခံရတာတွေနဲ့ ရခိုင်ပြည်နယ်မှာ လွတ်လပ်စွာသွားလာခွင့် ပျောက်ဆုံးနေတာတွေကို အစီရင်ခံစာမှာ ဖော်ပြထားတယ်လို့ ညီလာခံကို တက်ရောက်နေတဲ့ Equality Myanmar အဖွဲ့ ဒါရိုက်တာ ဦးအောင်မျိုးမင်း က ပြောပါတယ်။

" ဒီရခိုင်ဒေသအတွင်းမှာ လွတ်လပ်စွာသွားလာခွင့်အပါအဝင် အချို့သော အခြေခံလူ့အခွင်းအရေး ချိုးဖောက်မှုတွေရှိနေတယ်၊ အဲ့ဒီအပေါ်မှတဆင့် မုန်းတီးမှု၊ လှုံ့ဆော်ဟောပြောတဲ့ ပြောဆိုမှုတွေရှိနေတယ် ဆိုတဲ့အကြောင်းအရာတွေ နောက်ဆုံးကတော့ ရှမ်းနဲ့ ကချင်ဒေသမှာ လက်နက်ကိုင်တိုက်ပွဲတွေ ဖြစ်နေတဲ့ အတွက်ကြောင့်မို့လို့ ဒုက္ခသည်တွေ တိုးပွားလာတယ်ဆိုတဲ့အကြောင်းအရာတွေ အဓိကထားပြီးဖော်ပြသွား ပါတယ်၊ နယ်စပ်ဒေသမှာရှိတဲ့အမျိုးသမီးတွေကို အကြမ်းဖက်မှုကိစ္စတွေကို ထိရောက်စွာတားဆီးပေးဖို့ ကိစ္စတွေ လူ့အခွင့်အရေး ကာကွယ်မြှင့်တင်တဲ့သူတွေကို နည်းမျိုးစုံနဲ့ နှောက်ယှက်ပြီးဥပဒေနဲ့ ခြိမ်းခြောက်နေတဲ့ကိစ္စတွေကို လုပ်ဆောင်ပေးဖို့ တောင်းဆိုသွားတယ်၊ နောက်တစ်ခုက ရိုဟင်ဂျာလို့ခေါ် တဲ့ ရခိုင်ပြည်နယ်တွင်းမှာရှိတဲ့လူတွေအပေါ်မှာ ခွဲခြားမှုတွေအမြန်ဆုံး ရပ်တန့်ပေးဖို့ဆိုပြီး တောင်းဆိုသွား ပါတယ်"

ဒါ့အပြင် မျိုးစောင့်ဥပဒေတွေအပါအဝင် လူမျိုးရေ၊ ဘာသာရေးအရ ခွဲခြားထားတဲ့ ဥပဒေတွေကို ပြုပြင်ပြောင်းလဲဖို့ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်ရဲ့ အစီရင်ခံစာမှာ တိုက်တွန်းထားတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့အထွေထွေရွေးကောက်ပွဲ ရလဒ်ကြောင့် ထွက်ပေါ်လာတဲ့ အစိုးရသစ်ကို အာဏာလွှဲပြောင်းဖို့ လုပ်ဆောင်နေတာတွေမှာ တိုးတက်မှုတွေရှိကြောင်း ဖော်ပြထားတယ်လို့ သိရပါတယ်။

၃၁ ကြိမ်မြောက် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ ညီလာခံကို ဖေဖော်ဝါရီ ၂၉ ကနေ မတ် ၂၄ ရက်နေ့အထိ ကျင်းပနေတာဖြစ်ပြီး မြန်မာအစိုးရကိုယ်စားလှယ်တွေလည်း တက်ရောက်သလို အစိုးရမဟုတ်တဲ့ လူ့အခွင့်အရေး လှုပ်ရှားနေသူတွေ၊ ဘာသာရေးအဖွဲ့အစည်းတွေ၊ အမျိုးသမီးအဖွဲ့တွေ ကိုယ်စားလှယ်တွေလည်း တက်ရောက်ဆွေးနွေးကြတာ ဖြစ်ပါတယ်။