ဒေါ်အောင်ဆန်းစုကြည်အပေါ် ခြိမ်းခြောက်ရေးသားမှု ကုလသမဂ္ဂ စိုးရိမ်
2011.02.20
ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်း၏ ပြောခွင့်ရပုဂ္ဂိုလ် Martin Nesirky။ (UN Photo/Paulo Filgueiras)
နယူးယောက်မြို့ ကုလသမဂ္ဂ ရုံးချုပ်မှာ သောကြာနေ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းရဲ့ ပြောခွင့်ရပုဂ္ဂိုလ် Martin Nesirky က သတင်းထောက်တွေကို အခုလို ပြောကြားလိုက်တာပါ။
ဒေါ်အောင်ဆန်းစုကြည်အပေါ် ခြိမ်းခြောက် ရေးသားနေတာကို ကုလသမဂ္ဂ အနေနဲ့ သိရှိနေကြောင်း၊ မြန်မာ့နိုင်ငံရေးမှာ သက်ဆိုင်သူအားလုံး ပါဝင်ခွင့် ရရှိရေးအတွက် ကုလသမဂ္ဂ အနေနဲ့ အစဉ်တစိုက် ရပ်တည် အားပေးနေသလို၊ အဲဒီ အခွင့်အရေးကို ထိပါးတဲ့လုပ်ရပ် ဒါမှမဟုတ် ထုတ်ပြန်ချက် မှန်သမျှအပေါ် စိုးရိမ်ကြောင်း Mr. Martin Nesirky ပြောသွားပါတယ်။
ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ လမ်းမှားအတိုင်း ဆက်လက် လျှောက်လှမ်းနေမယ်ဆိုရင် ဝမ်းနည်းကြေကွဲဖွယ်ရာ အဆုံးသတ်မှုနဲ့ ရင်ဆိုင်ရလိမ့်မယ်လို့ မြန်မာစစ်အစိုးရက ပြီးခဲ့တဲ့ ရက်ပိုင်းက ထုတ်ဝေတဲ့ မြန်မာ့အလင်း သတင်းစာကနေ ခြိမ်းခြောက် ရေးသားခဲ့တဲ့အတွက် အမေရိကန်အစိုးရ အပါအဝင် နိုင်ငံတကာ အဝန်းအဝိုင်းက ဒေါ်အောင်ဆန်းစုကြည်အတွက် စိုးရိမ်ပူပန်ကြောင်း ထုတ်ဖော် ပြောဆိုခဲ့ကြပါတယ်။









