ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ UNA ဟာ လာမယ့် နိုဝင်ဘာလ ရွေးကောက်ပွဲမှာ မဲဆန္ဒ နယ်မြေတွေ မထပ်ရေးအတွက် မိတ်ဖက်ပါတီတွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ ရန်ကုန်မြို့ တော်ဝင်နှင်းဆီ စားသောက်ဆိုင်မှာ ဒီနေ့ တွေ့ဆုံဆွေးနွေးကြပါတယ်။
ရွေးကောက်ပွဲမှာ မိတ်ဖက်ပါတီတွေအကြား မဲဆန္ဒနယ်မြေတွေ ထပ်နေမယ်ဆိုရင် မဲတွေ ကွဲသွားနိုင်တာကြောင့် ညှိနှိုင်းဆွေးနွေးကြတာဖြစ်တယ်လို့ ဆွေးနွေးပွဲတက်ရောက်ခဲ့တဲ့ ကရင်အမျိုးသားပါတီ အထွေထွေအတွင်းရေးမှူး ဦးမန်းကျော်ငြိမ်းက ပြောပါတယ်။
"ပါတီမဲကွဲမှာ စိုးရိမ်တာတွေတော့ တော်တော်များများ အဲ့ဒီအသံတွေကတော့ ထွက်ကြပါတယ်၊ အဲ့ဒါကိုတော့ အားလုံးက သဘောထားတူကြပါတယ်၊ အဲ့ဒီအပေါ်မှာ တစ်ယောက်နဲ့တစ်ယောက် ညှိနှိုင်းဆောင်ရွက်ဖို့တော့ အဲ့ဒါကိုတော့ အားလုံးက နှုတ်သဘောထားရှိကြတဲ့သဘောပဲ၊ ဥပမာ ဒီမိုကရက်တစ်အင်အားစုတွေအနေနဲ့က တကယ်လို့ အကုန်လုံးမညှိနှိုင်းပဲပြိုင်ရင် မဲကွဲထွက်သွားမှာကို ကျနော်တို့ စိုးရိမ်ကြတယ်"
အဲ့ဒီဆွေးနွေးပွဲကို ၃ ရက်ကြာကျင်းပမှာဖြစ်ပြီး မြန်မာနိုင်ငံရှေ့နေများကွန်ရက် ၊ မိတ်ဖက်တိုင်းရင်းသားပါတီတွေနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေက လူဦးရေ ၆ဝ လောက် တက်ရောက်ကြပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ဖိတ်ကြားထားပေမယ့် ဒီနေ့ ဆွေးနွေးပွဲကို မတက်ရောက်ဘူးလို့ သိရပါတယ်။
UNA ကို ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်၊ ကယန်းအမျိုးသားပါတီ၊ ရှမ်းပြည် ကိုးကန့်ဒီမိုကရက်တစ်ပါတီ၊ မွန်အမျိုးသားပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်၊ ကရင်အမျိုးသားပါတီ၊ ကချင်အမျိုးသားများ ဒီမိုကရေစီကွန်ဂရက်၊ ရခိုင်အမျိုးသားပါတီ စတဲ့တိုင်းရင်းသားပါတီ ၈ ခုနဲ့ ဖွဲ့စည်းထားတာဖြစ်ပါတယ်။
ကရင်အမျိုးသားပါတီ အထွေထွေ အတွင်းရေးမှူး ဦးမန်းကျော်ငြိမ်းကို RFA သတင်းထောက် မဝေမာထွန်း ဆက်သွယ်မေးမြန်းထားပါတယ်။