UNA နဲ့ ENAC တိုင်းရင်းသားအဖွဲ့တွေ ဆွေးနွေး


2016.06.30
una-enac-620.jpg UNA နဲ့ ENAC က ကိုယ်စားလှယ်တွေ ဇွန်လ ၃ဝ ရက်နေ့က ရန်ကုန်မြို့ အင်းလျားလိတ်ဟိုတယ်မှာ တွေ့ဆုံဆွေးနွေးစဉ်
Photo: Kyaw Htoon Naing/RFA

လာမယ့် သြဂုတ်လမှာ ကျင်းပမယ့် ၂၁ ရာစု ပင်လုံညီလာခံမှာ တိုင်းရင်းသားတွေ လိုလားချက်တွေကို စုစည်း တင်ပြနိုင်ဖို့အတွက် စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ UNA နဲ့ တိုင်းရင်းသား လူမျိုးများရေးရာစင်တာ ENAC က ကိုယ်စားလှယ်တွေ ရန်ကုန်မြို့ အင်းလျားလိတ်ဟိုတယ်မှာ တွေ့ဆုံဆွေးနွေးနေ ကြပါတယ်။

ဆွေးနွေးပွဲက ရရှိလာတဲ့ တိုင်းရင်းသားတွေရဲ့ လိုလားချက်တွေကို ၂၁ ရာစု ပင်လုံညီလာခံမှာ တင်ပြသွား မှာဖြစ်ကြောင်း UNA အတွင်းရေးမှူး ဦးစိုင်းညွန့်လွင်က ပြောပါတယ်။

"ENAC အနေနဲ့ အပြင်မှာ workshop တွေ အများကြီး လုပ်ခဲ့ပါတယ်၊ မူကြမ်းတွေ ရခဲ့တောပေါ့နော်၊ ဒီနေ့ပွဲ ကတော့ အဲ့မူကြမ်းတွေကို ပြည်တွင်းမှာရှိတဲ့ နိုင်ငံရေးပါတီတွေနဲ့ ပြန်ပြီး workshop ပြန်လာလုပ်တာပါ၊ ဒီမှာရခဲ့တဲ့ အချက်အလက် အကြံကောင်း ဉာဏ်ကောင်းတွေကို ၂၁ ရာစု ပင်လုံညီလာခံမှာ ထည့်သွင်းဆွေးနွေး ဖို့ပေါ့နော် ကြိုတင်ပြင်ဆင်တဲ့ပွဲပေါ့"

UNA နဲ့ ENAC အဖွဲ့က ကိုယ်စားလှယ်တွေဟာ နိုင်ငံရေးဆွေးနွေးပွဲတွေ ကျင်းပတဲ့အခါ တိုင်းရင်းသားတွေ လိုလားတဲ့ ဘုံသဘောတူညီချက် မူဝါဒတွေကို တင်ပြနိုင်ဖို့အတွက် ပြီးခဲ့တဲ့ မေလကလည်း ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

နိုင်ငံရေးဆွေးနွေးပွဲတွေမှာ တင်ပြဖို့အတွက် အဖွဲ့ ၂ ဖွဲ့က မူဝါဒ ၉ ခုကို ချမှတ်ထားပါတယ်။

အဲ့ဒီမူဝါဒတွေကတော့ စစ်ပြေးဒုက္ခသည်အရေး၊ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာကိစ္စတွေ၊ မြေယာနဲ့ သဘာဝသယံဇာတဆိုင်ရာကိစ္စတွေ၊ အခွန်ကောက်ခံခြင်းဆိုင်ရာကိစ္စတွေ၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြုှပ်နှံမှုဆိုင်ရာ ကိစ္စတွေ၊ ကျန်းမာရေးနဲ့ ပညာရေးစတဲ့ကိစ္စတွေ ဖြစ်ပါတယ်။

ဒီနေ့ဆွေးနွေးပွဲကို ကရင်အမျိုးသား အစည်းအရုံး KNU ဒုတိယ ဥက္ကဋ္ဌ နော်စီဖိုးရာစိန် နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA နာယက ဗိုလ်ချုပ်ဆေထင် တို့လည်း ဆွေးနွေးပွဲကို တက်ရောက်နေပါတယ်။

မနက်ဖြန်ဆက်လက်ကျင်းပမယ့် ဆွေးနွေးပွဲမှာလည်း အမျိုးသားလွှတ်တော် ဒုတိယ ဥက္ကဋ္ဌ UNA အဖွဲ့ဝင် ရခိုင်အမျိုးသားပါတီက ဦးအေးသာအောင် တက်ရောက်အမှာစကား ပြောကြားမှာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။