ငြိမ်းချမ်းရေးနဲ့ အခွင့်အရေးကိစ္စ UNFC ဆွေးနွေးပွဲ ကျင်းပ


2015.12.06

ရွေးကောက်ပွဲနဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်တွေနဲ့ပတ်သက်ပြီး စိန်ခေါ်မှုတွေနဲ့ အခွင့်အရေး ဆိုင်ရာ ဆွေးနွေးပွဲတစ်ရပ်ကို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း ၁၁ ဖွဲ့နဲ့ ဖွဲ့စည်းထားတဲ့ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC အဖွဲ့က ခေါင်းဆောင်တွေဟာ ဒီကနေ့ ဒီဇင်ဘာ ၆ ရက်နေ့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ကျင်းပနေပါတယ်။

ရွေးကောက်ပွဲအပြီး နောက်ဆုံးသိရှိထားတဲ့အခြေအနေအရပ်ရပ်နဲ့ ပတ်သက်ပြီး ခြုံငုံသုံးသပ်နိုင်ဖို့ အတွက် အဖွဲ့ဝင် အဖွဲ့အစည်းရဲ့အမြင်သဘောထားတွေ အပါအဝင်၊ ပြည်တွင်းက နိုင်ငံရေးပါတီတွေ၊ အနီးကပ် စောင့်ကြည့်နေသူတွေရဲ့ အမြင်သဘောထားတွေကိုစုစည်းပြီး ရှေ့လုပ်ငန်းစဉ်မှာ အကောင်း ဆုံးဖြစ်ဖို့ဆွေးနွေးပွဲ ကျင်းပရတာ ဖြစ်တယ်လို့ UNFC အထွေထွေအတွင်းရေးမှူး ခူးဦးရယ် က ပြောပါတယ်။

"ရွေးကောက်ပွဲအလွန်ကာလမှာ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့အလွဲမသွေအသစ်တက်လာမယ့် အစိုးရနဲ့ ဆက်လက်ပြီးတော့ ကောင်းကောင်း မွန်မွန်အတူတကွ ညှိနှိုင်းအဖြေရှာမလဲဆိုတဲ့ကိစ္စကို အဓိက စဉ်းစားနိုင်အောင်လမ်းစတွေရှာနိုင်အောင်လို့ ရည်ရွယ်ပြီးတော့ ကျနော်တို့မျှဝေကြခြင်းပဲဖြစ်ပါတယ်၊ အားလုံးအတူ တကွလက်တွဲဆောင်ရွက်လာကြတဲ့အခြေခံအောက်မှာ အားလုံးအများလူထုတစ်ရပ်လုံးရဲ့အကျိုးစီးပွားကို ကြည့် ပြီးတော့ ဘယ်သူ ဘယ်သူမှ နာစေ၊ သာစေမရှိပဲ၊ မလိုလားကြောင်းကနေအတူတကွ ဘယ်အခန်းကဏ္ဍတွေမှာ ဆက်လက်ပါဝင်နိုင်ကြမလဲဆိုတဲ့ဟာကို အဖြေရှာဖို့ဆိုရင်လဲ မမှားပါဘူး၊ ဒီရည်ရွယ်ချက်ပိုပြီးအဓိကကျပါတယ်"

ရှမ်းတိုင်းရင်းသား များ ဒီမိုကရေစီအဖွဲ့ချူပ် SNLD ပါတီ ရဲ့ အထွေထွေအတွင်းရေးမှူး ဦးစိုင်းညွန့်လွင် က ရွေးကောက်ပွဲ အပြီး ဖြစ်ပေါ်နေတဲ့ နိုင်ငံရေး အခြေအနေတွေကို သုံးသပ်ပြခဲ့ပြီး ရွေးကောက်ပွဲနဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်အပေါ် စိန်ခေါ် မှုတွေကို ဆွေးနွေးခဲ့တာနဲ့ ပတ်သက်ပြီး အခုလို ပြောဆိုပါတယ်။

"အရင်တုန်းကတော့ မတူတဲ့လူတွေနဲ့လုပ်နေရတာလေ၊ အခုတူတဲ့လူတွေနဲ့ လုပ်နေတဲ့အခါကျတော့ ဘယ်လိုများ လုပ်ကြမလဲဆိုတဲ့ စိန်ခေါ်မှုအသစ်ပေါ့၊ ဥပမာ အစိုးရသစ်မှာ ဘယ်လောက်ထိလက်တွဲဆောင်ရွက်နိုင်မလဲ၊ နောက် တစ်ခါ ငြိမ်းချမ်း ရေးကိစ္စတွေ၊ အပစ်အခတ်ရပ်စဲရေးကိစ္စတွေ၊ ငြိမ်းချမ်းရေးကိစ္စတွေ ဘယ်လိုများ ဆက်ပြီးဆောင် ရွက်နိုင်မလဲ၊ ပြီးတော့ ကျနော်တို့အားလုံးမျှော်မှန်းတဲ့ အားလုံးပါဝင်တဲ့ နိုင်ငံရေးဆွေးနွေးပွဲကိုဘယ်လိုစနိုင်မလဲ၊ အစိုးရသစ် ရဲ့သဘောထား ဘယ်လောက်ရှိ မလဲ၊အပိုင်းတွေအများကြီးရှိပါတယ်"

ဒီနေ့ ဆွေးနွေးပွဲမှာ နိုင်ငံတကာ ပညာရှင်တချို့က သီရိလင်္ကာ၊ ဖိလစ်ပိုင်၊ မြောက်အိုင်ယာလန်နဲ့ တောင်အာဖရိ က နိုင်ငံတွေက ငြိမ်းချမ်းရေးဖြစ်စဉ် သင်ခန်းစာတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးတင်ပြခဲ့သလို တိုင်းရင်းသားခေါင်းဆောင်တွေကလည်း သူတို့ရဲ့အမြင် သဘောထားတွေကို ဖလှယ်ခဲ့ကြပါတယ်။

ဆွေးနွေးပွဲမှာ အစိုးရနဲ့ အပစ်အခတ်ရပ်စဲထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၈ ဖွဲ့ရဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှု အခြေအနေတွေ၊ ငြိမ်းချမ်းရေး ရှေ့လုပ်ငန်း စဉ်တွေမှာ UNFC အနေနဲ့ ပြန်လည်စုဖွဲ့ဖို့ ကိစ္စတွေ အပြင် အစိုးရသစ် အပါအဝင် မဟာမိတ် နိုင်ငံရေးပါတီတွေ၊ လူမှုအဖွဲ့အစည်းတွေနဲ့ ပူးပေါင်း လုပ်ဆောင်ရမယ့် ရှေ့လုပ်ငန်း စဉ်တွေ ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။ ဆွေးနွေးပွဲက ရရှိလာတဲ့ အချက်တွေကို မနက်ဖြန် စတင်ကျင်းပမယ့် UNFC နှစ်ပတ်လည် မျက်နှာစုံညီကောင်စီ အစည်း အဝေးမှာ ရှေ့လုပ်ငန်းစဉ်တွေချမှတ် အကောင်အထည်ဖော်နိုင် ဖို့ဆွေးနွေးဆုံးဖြတ်သွားကြမယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။