ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီဖွဲ့စည်း
2016.02.09
ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်းပူးပေါင်းကော်မတီကို ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်ကိုယ်စား လှယ် ၁၅ ဦး နဲ့ ဖွဲ့စည်းကြောင်း ပြည်ထောင်စု လွှတ်တော် နာယက မန်းဝင်းခိုင်သန်းက ဒီကနေ့ ကြေညာလိုက် ပါတယ်။
ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်းပူးပေါင်းကော်မတီဥက္ကဌအဖြစ် ပြည်ထောင်စု လွှတ်တော်ဒုတိယ နာယက ဦးအေးသာအောင်၊ ဒုဥက္ကဌ နဲ့ အတွင်းရေးမှူး တာဝန်ပေးအပ်ခံရသူတွေအမည်စာရင်းကို လွှတ်တော်နာယက မန်းဝင်းခိုင်သန်းက လွှတ်တော်မှာ ကြေညာခဲ့ပါတယ်။
"ဥပဒေကြမ်းပူးပေါင်းကော်မတီမှာ ဥက္ကဌတာဝန်ကို ဒုတိယ နာယက ဦးအေးသာအောင်၊ ဒုဥက္ကဌ ၁ အဖြစ် စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် ၆ က ဦးဇော်မင်းအားလည်းကောင်း၊ ဒုဥက္ကဌ ၂ အဖြစ် နောင်ချို မဲဆန္ဒနယ်က ဦးထွန်းအောင် ခေါ် ဦးထွန်းထွန်းဟိန် အားလည်းကောင်း၊ အတွင်းရေးမှူးအဖြစ် ရန်ကုန် တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် ၃ က ဒေါက်တာမြတ်ဉာဏစိုးအားလည်းကောင်း၊ တွဲဖက် အတွင်းရေးမှူး အဖြစ် ကျိုင်းတုံမဲဆန္ဒနယ်က ဦးစတီဗင်အား လည်းကောင်း၊ ကျန်ရှိတဲ့ လွှတ်တော်ကိုယ်စားလှယ် ၁ဝ ဦး အား ကော်မတီအဖွဲ့ဝင်များအဖြစ်လည်းကောင်း တာဝန်ပေးအပ်ဖွဲ့စည်းသွားမှာဖြစ်ကြောင်းနဲ့ မနက်ဖြန် ကျင်းပပြုလုပ်မယ့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ လွှတ်တော်ရဲ့သဘောတူညီချက်ရယူပြီး ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ကြောင်း အသိပေးတင်ပြအပ်ပါတယ်"
ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ဖို့ လိုအပ်လာတဲ့အခါ ဥပဒေကြမ်းပူးပေါင်းကော်မတီ က တာဝန်ယူပြီး ဆောင် ရွက်ပေးရမှာဖြစ်ကြောင်း ကော်မတီရဲ့ အတွင်းရေးမှူးအဖြစ် တာဝန်ပေးခံရတဲ့ အမျိုးသားလွှတ်တော်ကိုယ်စား လှယ် ဒေါက်တာမြတ်ဉာဏစိုးက လွှတ်တော်မှာ တင်ပြခဲ့ပါတယ်။
"ဖွဲ့စည်းပုံအခြေခံ ဥပဒေကိုပြင်ဆင်တဲ့အခါမှာလည်း ဥပဒေကြမ်းပူးပေါင်းကော်မတီကပဲ တာဝန်ယူပြီးတော့ ဆောင်ရွက်ရမှာဖြစ်ပါတယ်၊ ဥပဒေကြမ်း ပူးပေါင်းကော်မတီ ရဲ့လုပ်ငန်းတာဝန်တွေကို တင်ပြပါမယ်၊ နည်းဥပဒေ ၁၃၅ မှာတော့ ဖွဲ့စည်းပုံအခြေခံ ဥပဒေကိုပြင်ဆင်ရန် ဥပဒေမူကြမ်းနှင့် ဆက်လျဉ်းပြီး လွှတ်တော်အစည်းအဝေးတွင် ဆွေးနွေးခြင်းမပြုမီ အသေးစိတ်လေ့လာစိစစ်ရန် နာယကသည် ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီနှင့် အမျိုးသား လွှတ်တော် ဥပဒေကြမ်းကော်မတီတို့အား ကာလသတ်မှတ်ပြီး ပူးပေါင်းကော်မတီဖွဲ့စည်းပြီး လေ့လာစိစစ်စေရမည်၊ နည်းဥပဒေ ၁၃၆ မှာဖော်ပြထားတာ ကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်သည့်ဥပဒေမူကြမ်း ကို စတင်ဆွေးနွေးခြင်းမပြုမီ နည်းဥပဒေမူကြမ်းနှင့် ပူးပေါင်းကော်မတီလေ့လာ စိစစ်ချက်တို့ကို လွှတ်တော်နာယက ကသတ်မှတ်သည့်နည်းလမ်းအတိုင်း လွှတ်တော် ကိုယ်စားလှယ်များထံ ပြည်ထောင်စုလွှတ်တော်ရုံးက ကြိုတင်ဝေငှထားရမယ် လို့ ပြဌာန်းထားပါတယ်"
ပြည်ထောင်စုလွှတ်တော်ဥပဒေကြမ်းပူးပေါင်းကော်မတီဟာ ဥပဒေကြမ်းတွေကို ဆွေးနွေးအတည်မပြုခင် အသေးစိတ်လေ့လာစီစစ်ပြီး ကော်မတီ ရဲ့သဘောထားမှတ်ချက် အစီရင်ခံစာကို လွှတ်တော်ထံ ပုံမှန်တင်သွင်းရတာ ဖြစ်ပါတယ်။